ဥရောပသမဂ္ဂနိုင်ငံများတွင် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူရာတွင် ရရှိမည့်အခွင့်အလမ်းများ

 

          ဥရောပဈေးကွက်တည်ရှိနေမှုသည် စားသုံးသူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ယှဉ်ပြိုင်နိုင်သော  ဈေးနှုန်းမျာနှင့် ကျယ်ပြန့်စွာ ဝယ်ယူခွင့်အခွင့်အလမ်းရရှိစေပါသည်။ စားသုံးသူအခွင့် အလမ်းများကို ကုန်စည်များရောင်းချခဲ့သည့် လက်လီရောင်းချသူများအား  တောင်းဆိုနိုင်ပြီး အကယ်၍  စားသုံးသူအနေဖြင့် မိမိပေးအပ်လိုက်ရသော တန်ဖိုးကို ကျေနပ်အားရမှုမရှိပါက ရောင်းချသူအား ကုစားမှု များ (redress) ပေးအပ်ရန်  တောင်းဆိုနိုင်ပါသည်။

 

စားသုံးသူ၏အခွင့်အလမ်းများ

    ကုန်စည်နှင့်ဆက်နွယ်ပစ္စည်းများရောင်းချမှုအာမခံချက်ဆိုင်ရာညွှန်ကြားချက် ၉၉/၄၄/ EC အရ စားသုံးသူဆိုင်ရာကုန်စည်များသည် အရောင်းစာချုပ်ပါအချက်များနှင့် ကိုက်ညီရမည်ဖြစ်ပါသည်။ ပထမ ဦးစွာ စားသုံးသူများသည် ကုန်စည်များကို လက်ခံရရှိသည့်အချိန်တွင် အဆိုပါကုန်စည်များသည် ရောင်းချသူမှ နှုတ်ဖြင့် ဖြစ်စေ၊ စာဖြင့်ဖြစ်စေ ပြောကြားထားသည့်၊ ရေးသားဖော်ပြထားသည့် ပြောကြား ချက်များ၊ ဖော်ပြချက်များနှင့် ကိုက်ညီရမည်ဖြစ်ပြီး ကုန်စည်၏နမူနာ သို့မဟုတ် ပုံစံတူပါ ကုန်စည်၏ အရည်အသွေးများကိုလည်း ပိုင်ဆိုင်ရ မည်ဖြစ်သည်။ ဒုတိယအနေဖြင့် စားသုံးသူမှဝယ်ယူသည့် ကုန်စည် သည် ယင်းနှင့်တူညီသော အမျိုးအစားဖြစ်သည့် သာမန်အသုံးပြုသည့်ကုန်စည်များနှင့် နှိုင်းယှဉ်ပါက အသုံးပြုမည့်ရည်ရွယ်ချက်နှင့် သင့်လျော်ရမည်ဖြစ်သကဲ့သို့ ရောင်းချသူနှင့် အရောင်းစာချုပ်ချုပ်ဆိုပြီး ချိန်တွင် ရောင်းချသူမှလက်ခံထားပြီး ရောင်းချသူသို့အသိပေးထားသည့် စားသုံးသူမှလိုအပ်သော သီးခြား ရည်ရွယ်ချက်နှင့်လည်း သင့်လျော်ရမည်ဖြစ်ပါသည်။ တတိယအနေဖြင့် စားသုံးသူတစ်ဦးမှ ကုန်စည်ဝယ်ယူရာတွင် ယင်းကုန်စည်သည် စားသုံးသူမှ ကျိုးကြောင်း ဆီလျော်စွာ မျှော်မှန်းနိုင်သော စိတ်ကျေနပ်ဖွယ်အရည်အသွေးနှင့် လုပ်ဆောင်ချက်တို့နှင့် ပြည့်စုံရမည်ဖြစ်ပြီး ရောင်းချသူ၊ ထုတ်လုပ်သူ သို့မဟုတ် ၎င်း၏ကိုယ်စားလှယ်တို့မှ ဖော်ပြထားသည့် ဖော်ပြချက်နှင့်လည်း ကိုက်ညီရ မည်ဖြစ်သည်။ စတုတ္ထအနေဖြင့် စားသုံးသူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူရာတွင် ထကျေနပ်အားရမှုမရှိပါက ရောင်းချသည့်အချိန်မှစတင်ပြီး အနည်းဆုံး နှစ်နှစ်အတွင်း အရေးဆိုနိုင်ပါသည်။ အိုင်ယာလန်နိုင်ငံတွင် စားသုံးသူတစ်ဦးအနေဖြင့် ၎င်းဝယ်ယူသည့် ကုန်စည်သည် ရှိသင့်ရှိထိုက်သည့် အရည်အသွေးပြည့်မီခြင်းမရှိပါက ဝယ်ယူသည့်အချိန်မှ ခြောက်နှစ် အတွင်း အရေးဆိုနိုင်ပါသည်။ ထိုကဲ့သို့ အရေးဆိုရာတွင် ကုန်စည်နှင့်ဆက်နွယ်ပစ္စည်းများရောင်းချမှု အာမခံချက်ဆိုင်ရာညွှန်ကြားချက် ၉၉/၄၄/ EC အရ ကုန်စည်အား ပြန်လည်ပြုပြင်စေခြင်း သို့မဟုတ် အစားထိုးစေခြင်း၊ ဝယ်ယူခဲ့သည့် ဈေးနှုန်းအားလျှော့ချပေးခြင်း သို့မဟုတ် ငွေကြေးပြန်လည်အမ်းပေးခြင်း တို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ အကယ်၍ ကုန်စည်ဝယ်ယူပြီး သည့်ကာလခြောက်လအတွင်း ယင်း ကုန်စည်တွင် အပြစ်အနာအဆာဖြစ်ပေါ်ခဲ့ပါက ရောင်းချသူအနေဖြင့် အဆိုပါကုန်စည်အား စားသုံးသူ သို့ရောင်းချစဉ်အချိန်က ချုပ်ဆိုခဲ့သောစာချုပ်နှင့်ကိုက်ညီမှု ရှိကြောင်း သက်သေပြ နိုင်ပြီး ကုန်စည်တွင် ဖြစ်ပေါ်သောအပြစ်အနာအဆာသည် ဝယ်ယူခဲ့သည့်စားသုံးသူကြောင့် ဖြစ်ပေါ်ခဲ့ပါက ရောင်းချသူ ထံတွင် တာဝန်မရှိပါ။ ပဉ္စမအနေဖြင့် အာမခံပေးမှုနှင့်ပတ်သက်၍ အာမခံဆိုသည်မှာ စားသုံးသူနှင့်ထုတ်လုပ်ရောင်းချ သူတို့အကြား ထားရှိသောကတိဝန်ခံချက်ဖြစ်ပြီး ပစ္စည်းတစ်ခုအား စားသုံးသူမှဝယ်ယူပြီးသည့်အချိန် ကာလတစ်ခု အတွင်း အဆိုပါပစ္စည်းသည် ပျက်စီးချို့ယွင်းခဲ့ပါက ထုတ်လုပ်သူမှ ပြန်လည်ပြုပြင်ပေးခြင်း သို့မဟုတ် ပစ္စည်းတစ်ခုဖြင့်အစားထိုးပေးခြင်းတို့ကို ဆောင်ရွက်ပေးခြင်းဖြစ်ကာ ပစ္စည်းရောင်းချသူမှ လည်း ထုတ်လုပ်သူ ပေးအပ်ထားသောအာမခံချက်အပြင် ထပ်မံ၍အာမခံချက်ပေးအပ်နိုင်ပါသည်။ ထို ကဲ့သို့အာမခံပေးအပ်ခြင်းသည် မိမိဆန္ဒအလျောက် ဆောင်ရွက်လေ့ရှိကြသည့် မူဝါဒတစ်ခုဖြစ်ပြီး လျှပ်စစ်ထုတ်ကုန်များအား လက်လီရောင်းချရာ တွင် ရောင်းချသည့်အမှတ်လက္ခဏာတစ်ခုအဖြစ် ဆောင်ရွက်လေ့ရှိကြပါသည်။ အာမခံပေးခြင်းဆိုရာတွင် စားသုံးသူတစ်ယောက်၏ပုံမှန်အခွင့်အရေးများ ထက်ပိုမိုသည့်အပိုဆောင်းအခွင့်အရေးကို ပေးအပ်ခြင်းဖြစ်သဖြင့် ပစ္စည်းဝယ်ယူရာတွင် အာမခံမရရှိ သော်လည်း ဥပဒေအရ စားသုံးသူအခွင့်အလမ်းများရရှိဆဲဖြစ်ကာ စားသုံးသူတို့ အနေဖြင့် ပစ္စည်းကြောင့် ထိခိုက်နစ်နာမှုဖြစ်ပေါ်ပါက အရေးဆိုမှုများကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ စားသုံးသူတို့ သည် ပစ္စည်းများဝယ်ယူရာတွင် အာမခံနှင့်ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများကို စစ်ဆေးသင့်ပြီး အာမခံ အကျုံးဝင်သည့်ကာလ၊ နေရာဒေသ၊ အာမခံပေးသူ၏အမည်နှင့်လိပ်စာစသည့်အချက်အလက်များကို ကြည့်ရှုသင့်ပါသည်။ အိုင်ယာလန်နိုင်ငံတွင် စားသုံးသူများသည် နိုင်ငံဖြတ်ကျော်တိုင်တန်းမှုများကို European Consumer Center Website ဖြစ်သည့် (http://www.eccireland.ie)` တွင် ပြုလုပ်နိုင်ပါသည်။

                                                                မျိုးမျိုးထိုက်၊ စားသုံးသူရေးရာဌာနခွဲ