စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ဝက်လက်မြို့တွင် စားသုံးသူအကာအကွယ်ပေးရေး ပညာပေးဆွေးနွေးဟောပြောပွဲပြုလုပ်ဆောင်ရွက်

 

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စားသုံးသူပြည်သူများကို စားသုံးသူအကာအကွယ်ပေးရေး ဥပဒေနှင့်အညီ အကာအကွယ်ပေးရန် စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဌာနမှ ဝန်ထမ်းများဟာ ၂၀၁၅ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့မှာ ရွှေဘိုခရိုင်၊ ဝက်လက်မြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းများသို့ သွားရောက်ပြီး စားသုံးသူအကာအကွယ်ပေးရေး ပညာပေးဆွေးနွေးဟောပြောပွဲများ ကျင်းပခဲ့ပါတယ်။ ဝက်လက်မြို့ အခြေခံပညာအထက်တန်းကျောင်းမှာ စားသုံးသူအကာအကွယ်ပေးရေး ပညာပေး ဟောပြော  ဆွေးနွေးပွဲကို  ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊  ကျောင်းသား၊  ကျောင်းသူများ၊ ကျောင်းဈေးသည်များ အပါအဝင် စုစုပေါင်း ၅၃၈ ဦး တက်ရောက်ခဲ့ကြပြီး  ဟောပြောပွဲ အခမ်းအနားမှာ ကျောင်းအုပ်ဆရာမကြီး  ဒေါ်တင်လှိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ တက်ရောက်လာကြတဲ့  ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းဈေးသည်များကို စားသုံးသူအကာအကွယ်ပေးရေးနှင့် ပတ်သက်သည့် လက်ကမ်းစာစောင် ၂၀ဝ စောင်အား ဖြန့်ဝေနိုင်ခဲ့ပါတယ်။  ဆက်လက်၍  ယင်းနေ့  နေ့လည် ၁၃း၃၀အချိန် တွင် ဝက်လက်မြို့ အမှတ်(၂) အခြေခံပညာအလယ်တန်း  ကျောင်းခွဲမှာလည်း  စားသုံးသူအကာအကွယ်ပေးရေး  ဆွေးနွေး ဟောပြောပွဲကို  ပြုလုပ် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ၎င်းကျောင်းမှာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းဈေးသည်များ အပါအဝင် စုစုပေါင်း ၃၂၇ ဦး တက်ရောက်ခဲ့ပါတယ်။ အဆိုပါဟောပြောပွဲ အခမ်းအနားတွင် ကျောင်းအုပ် ဆရာကြီး  ဦးတင်မောင်သိန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာကြသော  ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းဈေးသည်များကို စားသုံးသူအကာအကွယ်ပေးရေးနှင့် ပတ်သက်သည့် လက်ကမ်းစာစောင် ၁၅၀ စောင်အား ဖြန့်ဝေပေးခဲ့ပါတယ်။  ဟောပြောပွဲများတွင် တိုင်းဦးစီးမှူး ဦးခမ်လျန်စွမ်းက ဦးဆောင်ဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဌာန အကြောင်း စားသုံးသူဆိုသည့် အဓိပ္ပာယ်၊ စားသောက်ကုန်အမျိုးမျိုး၏ အန္တရာယ်များအကြောင်း၊ စားသုံးဆီများ အကြောင်း၊ အရည်အသွေးညံ့ဖျင်းသည့် ကုန်ပစ္စည်းများကြောင့်  ဆုံးရှုံးရမှုများအကြောင်း  စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေး အဖွဲ့အကြောင်း၊ စားသုံးသူရေးရာဌာန၏ စားသုံးသူများအပေါ် အကာအကွယ် ပေးနေမှုများ နှင့် ခေတ်ပေါ်ဖျော်ဖြေမှုများ၏ ဘေးထွက်ဆိုးကျိုးများ အကြောင်းများကို ပြည့်ပြည့်စုံစုံ ရှင်းလင်းပြောကြားသွားပါ တယ်။ ဆက်လက်ပြီး တိုင်းဦးစီးမှူးရုံးမှ ဦးဌေးတင့်က စားသုံးသူရေးရာ ဥပဒေပါ အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများ နားလည်သဘောပေါက်အောင် ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။  ဒေါ်နှင်းနှင်းခိုင်က အရက်၊ ဘီယာ၊  ဆေးလိပ်၊ ကွမ်းယာများ စားသုံးခြင်းကြောင့် နောက်ဆက်တွဲ  ဖြစ်ပွားရသော ရောဂါများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ဒေါ်ကေသီအောင်ကလည်း အသင့်စား အစားအသောက်များကြောင့် စားသုံးသူများ ဒုက္ခရောက်ကြရပုံများ၊ ဆိုးဆေးပါသော  အစားအစာများစားသုံးခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ရောဂါများ အကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဦးစီးမှူးရုံး၏ ရည်မှန်းချက်ဖြစ်သည့် တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူပြည်သူများဆီသို့ စားသုံးသူအကာအကွယ်ပေးခြင်းကို သုံးနှစ်အတွင်းအရောက် ဟောပြောနိုင်ရန် ဦးတည်ချက်ထားရှိပြီး ဖြစ်သကဲ့သို့ ကျန်ရှိနေသည့် ခရိုင်၊ မြို့နယ်များကိုလည်း ပညာပေးရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

                                                                                                                              ကေသီအောင် (စစ်ကိုင်း)