ဖိလစ်ပိုင်နိုင်ငံ လွှတ်တော်ကော်မတီမှ စားသုံးသူအက်ဥပဒေကိုပြန်လည်ပြင်ဆင်ရန်ဆောင်ရွက်

 

          ဖိလစ်ပိုင်နိုင်ငံ ကုန်သွယ်မှုနှင့် စက်မှုဦးစီးဌာနမှ စားသုံးသူများကို အကာအကွယ်ပေးရန်နှင့် အခွင့်အရေး ပေးအပ်နိုင်ရန် တို့အတွက် စားသုံးသူ အက်ဥပဒေအား ပြင်ဆင်ရန် တောင်းဆိုချက်အရ ကုန်သွယ်မှု၊ ကူးသန်းရောင်းဝယ်ရေးနှင့် စွန့်ဦးတီထွင်မှုဆိုင်ရာ လွှတ်တော်ကော်မတီသည် စားသုံးသူ အက်ဥပဒေကို ပြန်လည်ပြင်ဆင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ လွှတ်တော်ကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ Mr. Paolo Benigno “Bam” Aquino IV က ကုန်သွယ်မှုနှင့် စက်မှုဦးစီးဌာနမှ ဥပဒေမူကြမ်း ကိုလက်ခံရရှိသည်နှင့် ၎င်း၏ကော်မတီအနေဖြင့် ဖိလစ်ပိုင်နိုင်ငံ၏ Republic Act 7394 ၇၃၉၄ (သို့မဟုတ်) စားသုံးသူ အက်ဥပဒေအား ပြန်လည်ပြင်ဆင် ပြဌာန်းနိုင်ရေး အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုကဲ့သို့ ပြင်ဆင်ပြဌာန်းခြင်းဖြင့် စားသုံးသူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူရာတွင် ပိုမိုပြီး အခွင့်အရေးများ ရရှိလာနိုင်မည် ဟုလည်း ၎င်းကပြောကြားခဲ့ပါသည်။ ကုန်သွယ်မှုနှင့် စက်မှုဦးစီးဌာနအနေဖြင့် အစိုးရမှ သတ်မှတ်ထားသော ထုတ်ကုန် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသည့် ထုတ်ကုန်များကို ရောင်းချနေသည့် ထုတ်လုပ်သူများ နှင့်လက်လီ ရောင်းချသူများကို တားဆီးနိုင်ရန် အတွက် စားသုံးသူ အက်ဥပဒေတွင် ပါရှိသော ပြစ်ဒဏ်များကို တိုးမြှင့်ပြင်ဆင်သွားရန် အဆိုပြုထားပါသည်။ စားသုံးသူ အက်ဥပဒေကို ချိုးဖောက်သူများအား ယခင် အနိမ့်ဆုံးဒဏ်ကြေး ပီဆို ၅၀ဝ (ဒေါ်လာ ၁၁.၃၂) မှ ပီဆို ၅၀,ဝဝဝ (ဒေါ်လာ ၁၁၃၁.၆၆) နှင့် အမြင့်ဆုံးဒဏ်ကြေးအား ပီဆို ၃၀ဝ,ဝဝဝ (ဒေါ်လာ ၆၇၈၉.၉၇) မှ ပီဆို ၁,ဝဝဝ,ဝဝဝ (ဒေါ်လာ ၂၂၆၃၃.၂၄) သို့တိုးမြှင့် ပြင်ဆင်သွားမည်ဖြစ်ပါသည်။ ကုန်သွယ်မှုနှင့် စက်မှုဦးစီးဌာနအနေဖြင့် ပြန်လည်ပြင်ဆင်မည့် စားသုံးသူအက်ဥပဒေတွင် ပုဂ္ဂလိက-အစိုးရ အမျိုးသားစားသုံးသူရေးရာ ကောင်စီ၏ အဖွဲ့ဝင်များကို တိုးမြှင့်ခန့်ထားပြီး ၎င်းတို့အား စားသုံးသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် မူဝါဒချမှတ်ရာတွင် ပိုမိုထိရောက်စွာ ပါဝင်လုပ်ဆောင်နိုင်ရန် စသည့် အချက်များကိုလည်း ထည့်သွင်း အဆိုပြုထားပါသည်။ ထို့ပြင် ငွေကြေး အာဏာပိုင်အဖွဲ့ အစည်းဖြစ်သည့် Bangko Sentral ng Pilipinas ၏ အခွင့်အာဏာကို ထည့်သွင်းပြဌာန်းခြင်း၊ On-line ကူးသန်းရောင်းဝယ်ရေး နှင့် ဆက်နွယ်သည့် အလေ့အထများ ကိုလည်း  ဥပဒေ၏ မူဘောင် အတွင်း ထည့်သွင်း ပြဌာန်းခြင်းတို့ကို  ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ လွှတ်တော်ကော်မတီ ဥက္ကဋ္ဌဖြစ်သူ Mr. Aquino မှ စံချိန်စံညွှန်းပြည့်မီခြင်း မရှိသော ထုတ်ကုန်များနှင့် အရည်အသွေးပြည့်မီခြင်း မရှိသောဝန်ဆောင်မှုများနှင့် စပ်လျဉ်းသည့် တိုင်တန်းမှု များအပါအဝင် စားသုံးသူများထံမှ တိုင်တန်းမှုများစွာ လက်ခံရရှိနေကြောင်း၊ စားသုံးသူများအနေဖြင့် စားဝတ်နေရေးအတွက် အလုပ်များကို ကြိုးပမ်းဆောင်ရွက်ရသဖြင့် ၎င်းတို့သုံးစွဲသော ငွေကြေးအတွက် ထိုက်သင့်သောတန်ဖိုးကို ပြန်လည် ရရှိနိုင်ရန် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ စားသုံးသူအက်ဥပဒေအား ပြန်လည်ပြင်ဆင်ရန် လိုအပ်လာခြင်းဖြစ်ကြောင်း၊ စားသုံးသူ ကာကွယ်ရေး လုပ်ငန်းသည် အရေးပါသော လုပ်ငန်းဖြစ်သဖြင့် ဦးစားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

                                                                                                                                     မျိုးမျိုးထိုက်၊ စားသုံးသူရေးရာဌာနခွဲ