အိန္ဒိယနိုင်ငံအစိုးရမှ စားသုံးသူကာကွယ်ရေးအဖွဲ့အစည်းများ ပိုမိုအင်အားကောင်းမွန် စေရန်ဆောင်ရွက်

 

 အိန္ဒိယနိုင်ငံအစိုးရသည် စားသုံးသူများအတွက် အရေးယူဆောင်ရွက်ပေးမည့်လုပ်ငန်းများ လွယ်ကူစွာနှင့် ဆောင်ရွက်မှုလွယ်ကူစေရန်တို့အတွက် စားသုံးသူအကာအကွယ်ပေးရေး အက်ဥပဒေအား ပြန်လည်ပြင်ဆင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အိန္ဒိယနိုင်ငံစားသုံးသူရေးရာ၊ အစား အသောက်နှင့်ပြည်သူ့ထောက်ပံ့ရေးဝန်ကြီး ဌာနဝန်ကြီး Mr. Ram Vilas Paswan မှ ပြောကြားခဲ့ပါသည်။ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ ချိုးဖောက်သည့်ကုမ္ပဏီများအား အရေးယူဆောင်ရွက်ရန်အတွက် စားသုံးသူအကာအကွယ်ပေးရေး အာဏာပိုင် အဖွဲ့ တစ်ခုအား ဖွဲ့စည်း တည်ထောင်သွားမည်ဖြစ်ကြောင်း၊ စားသုံးသူအမှုကိစ္စများအား အရေးယူ  ဆောင်ရွက်ပေး  နိုင်ရန်အတွက် ဥပဒေနှင့်တရားရေးဆိုင်ရာနယ်ပယ်မှ သူများအပြင် ကဏ္ဍပေါင်းစုံမှသူများအား ခန့်အပ်တာဝန် ပေးသွားမည်ဖြစ်ကြောင်းကိုလည်း ဝန်ကြီးမှ ပြောကြားခဲ့ပါသည်။ ထို့ပြင် ဝန်ကြီးမှ စားသုံးသူများအား သွေးဆောင်ဖြားယောင်းသောကြော်ငြာများဖြင့် လိမ်လည်လှည့်ဖြားနေ သည့်ကုမ္ပဏီများကို ထိရောက်စွာအပြစ်ပေးသွားနိုင်ရန် သတင်းအချက်အလက် နှင့် သတင်းဖြန့်ချီရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များနှင့် ကျန်းမာရေးနှင့်မိသားစုဖူလုံမှုဝန်ကြီး ဌာနမှ ကိုယ်စားလှယ်များပါဝင်သော ဝန်ကြီးဌာန အချင်းချင်း ကြားခံညှိနှိုင်းဆောင်ရွက်ပေးမည့် ကော်မတီတစ်ခုကို ဖွဲ့စည်းတည်ထောင်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။ ထို့နောက်ဝန်ကြီးသည် အိန္ဒိယနိုင်ငံစံချိန်စံညွှန်းအဖွဲ့ကိုလည်း စားသုံးသူအလေးဂရုပြုမှု အစီအစဉ်များကို ဒေသဆိုင်ရာဘာသာစကားများကိုအသုံးပြု၍ အမြောက်အများ တိုးချဲ့ဆောင်ရွက်သွားရန်နှင့် လူထုဆက်သွယ် ရေးနည်းလမ်းများဖြင့်လည်း ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးသည် အိန္ဒိယနိုင်ငံမှကုန်ပစ္စည်းများကို ကမ္ဘာတစ်ဝှမ်းမှ လက်ခံလာစေရန် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ထုတ်ကုန်အသိလက်မှတ် ထုတ်ပေးသည့်စနစ်ကိုလည်းအကောင်အထည်ဖော်ဆောင်ရွက်ရန် တောင်းဆိုခဲ့ပြီး ယင်းသို့ဆောင်ရွက်ခြင်းဖြင့် အိန္ဒိယနိုင်ငံမှ ထုတ်လုပ်သည့်ပစ္စည်းဖြစ်ကြောင်း ဈေးကွက်အတွင်းနာမည်ကျော်ကြားစေ သည့် (Made in India) လှုပ်ရှားဆောင်ရွက်မှုအောင်မြင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။ အိန္ဒိယနိုင်ငံ စံချိန်စံညွှန်းအဖွဲ့ သည် စံချိန်စံညွှန်း ၁၉çဝဝဝ ကိုအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးပြီဖြစ်ကာ ယင်းအနက် ၆çဝဝဝ မှာ နိုင်ငံတကာနှင့်ယှဉ်ပြိုင်နိုင်ပြီဖြစ်ပြီး ISI အမှတ်တံဆိပ်ပါရှိသောထုတ်ကုန် ၉၃၃ မျိုးကိုလည်း အသိလက်မှတ်ထုတ်ပေးခဲ့ပြီးဖြစ်ပါသည်။ လက်ရှိကာလတွင် အိန္ဒိယနိုင်ငံ၌ ထုတ်ကုန်များ အတွက် အသိလက်မှတ်ထုတ်ပေးမှုမှာ ထုတ်ကုန် ၁၂၃ မျိုးအတွက်သာ မဖြစ်မနေလိုအပ်သေးသဖြင့် ယင်းကဲ့သို့ အသိလက်မှတ် လိုအပ်သောထုတ်ကုန်များကို တိုးမြှင့်သတ်မှတ်ရန်လိုအပ်ကြောင်းလည်း ဝန်ကြီးမှပြောကြားခဲ့ ပါသည်။

                                                                                                                                      မျိုးမျိုးထိုက်၊ စားသုံးသူရေးရာဌာနခွဲ