ဒတ်ချ်စီးပွားရေးလုပ်ငန်းရှင်များ မြန်မာ့ရေထွက်ကုန်လုပ်ငန်းကဏ္ဍမှာ ရင်းနှီးမြှုပ်နှံတော့မည်

 

          ရေချို၊ ရေငန်နဲ့ ငါးမွေးမြူရေးလုပ်ငန်းတို့မှ ဖမ်းဆီးရမိတဲ့ ငါးပုစွန်များကို ဝန်ကြီးဌာန ဦးဆောင်စီမံမှုနဲ့ ဈေးကွက်ဝင် စံချိန်စံညွှန်းများနဲ့ ကိုက်ညီတဲ့ ငါးပုစွန်များကို တရုတ်၊ ထိုင်း၊ စင်ကာပူ၊ ကူဝိတ်၊ မလေးရှား၊ ဆော်ဒီအာရေဗျ၊ ဂျပန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဘင်္ဂလားဒေ့ရှ်နဲ့  ဗြိတိန်နိုင်ငံတို့သို့   အများဆုံးတင်ပို့   နေတာဖြစ်ပါတယ်။  မွေးမြူရေး    ရေလုပ်ငန်းနဲ့   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနရဲ့  ဦးဆောင်ကြီးကြပ်မှုနဲ့  ငါးပုစွန်များ ဖမ်းဆီးမွေးမြူပြီး   ပြည်တွင်းစားသုံးမှုနဲ့  နိုင်ငံတကာဈေးကွက်သို့ စနစ်တကျတင်ပို့နိုင်ရေး  ငါးမွေးမြူရေး လုပ်ငန်းရှင်များအသင်း၊ ပင်လယ်ငါးလုပ်ငန်းရှင်များအသင်း၊ ငါးပုစွန်အစာထုတ်လုပ်ရောင်းချ  ရောင်းဝယ်သူများ အသင်းနဲ့  ရေချို ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများအသင်း  တွေကို ဖွဲ့စည်းလုပ်ဆောင်နေတာဖြစ်ပါတယ်။ အစိုးရအနေနဲ့  နိုင်ငံတော်ရဲ့  ရေထွက်ကုန် ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါ တယ်။ အနာဂတ်မှာ အစိုးရဟာ ရေထွက်ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နယ်သာလင်န်စ်နိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်တော့မှာဖြစ်ပါတယ်။ နယ်သာလင်န်စ်နိုင်ငံမှ ဒတ်ချ်ရေထွက်ကုန်လုပ်ငန်းရှင်များ ကိုယ်စားလှယ်အဖွဲ့ဟာ ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံကို လာရောက်ခဲ့ကြပါတယ်။ ၎င်းတို့ဟာ မြန်မာရေထွက်ကုန်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံ ရန် စိတ်ပါဝင်စားကြ ပြီး မွေးမြူရေးရေလုပ်ငန်းနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနသို့ လုပ်ငန်းလုပ်ဆောင်ခွင့် အဆိုပြုလွှာကို တင်ထားကြတယ်လို့ သိရပါတယ်။  မြန်မာနိုင်ငံဟာ ရေထွက်ကုန်များနဲ့ ပတ်သက်လျှင် အလားအလာကောင်းများစွာရှိပြီး မြန်မာစီးပွားရေး လုပ်ငန်းရှင်များအနေနဲ့ ရေထွက်ကုန်ကဏ္ဍမှာ စီးပွားရေးလုပ်ဆောင်နိုင်တဲ့ အခွင့်အလမ်းများစွာ ရှိကြပါတယ်။ ဒါပေမဲ့လည်း ပြည်ပသို့ ရေထွက်ကုန်တင်ပို့ရာမှာ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေကြရပါတယ်။နိုင်ငံတကာ ဈေးကွက်ဝင်အဆင့်အတန်း စံချိန်စံညွှန်းပြည့်မီရန် အတွက် လိုအပ်ချက်များရှိနေကြပါတယ်။ နယ်သာလင်န်စ် အဖွဲ့က တင်ပြထားတဲ့လုပ်ငန်းအဆိုပြုလွှာမှာ ငါးများ စတင်ဖမ်းဆီးသည်မှ အအေးခန်းမှာ သိုလှောင်တဲ့အဆင့်ထိ လုပ်ငန်းများလုပ်ဆောင်ရန် ကိစ္စရပ်များ ထည့်သွင်း ဖော်ပြထားတာဖြစ်ပါတယ်။  ၎င်းတို့က ပြည်ပသို့တင်ပို့မှုကို လည်း လုပ်ဆောင်သွား မှာဖြစ်ပါတယ်။ ငါးလုပ်ငန်းရှင်များကတော့  နိုင်ငံတကာအဖွဲ့အစည်းများကို ကြိုဆိုလိုသော်လည်း  ဈေးကွက်ဝေစုနေရာကို ယူသွားမှာကိုတော့ စိုးရိမ်မိတယ်လို့ ပြောကြားမှုများတော့ ရှိနေပါတယ်။  မြန်မာ့ပင်လယ်ပြင်ကမ်းရိုးတန်းတို့မှ ဖမ်းဆီးရမိသော ငါးပုစွန်ထုတ်လုပ်မှုဟာ အာဆီယံဒေသတွင်းမှာ အဆင့် ၄ နေရာမှာရှိပြီး ကမ္ဘာမှာ အဆင့် ၁၄ မှာရှိနေပါတယ်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ရေချိုငါးဖမ်းလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၁၂၁ သန်းရရှိရေး လျာထားချက် ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၈၆ သန်းကျော် တန်ဖိုးရှိ ငါးပုစွန်တန်ချိန် ၇၉၀ဝ၀ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။

 

                                                                                                                                           တိမ်ကင်းစင်