အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ်ကာလတူထက်ပါ စစ်တွေနယ်စပ်ကုန်သွယ်မှုလျော့နည်း

       

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းသည် ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင်  ပို့ကုန် ကန်ဒေါ်လာ သုည ဒသမ ၄၃၅ သန်း၊ သွင်းကုန်ကန်ဒေါ်လာ သုည ဒသမ ဝ၀၃ သန်းနဲ့ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ သုည ဒသမ ၄၃၈သန်းဆောင်ရွက်နိုင်ခဲ့ပါတယ်။ အနီးစပ်ဆုံး ကာလဖြစ်တဲ့၂၀၁၄ ခုနှစ်ဇန်နဝါရီလနဲ့ နှိုင်းယှဉ်ပါက ပို့ကုန်ရော သွင်းကုန်ပါ လျော့နည်းခဲ့သဖြင့် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ သုည ဒသမ ၂၀၈ သန်းလျော့နည်းခဲ့ပြီး ယမန်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ပါကလည်း ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ သုည ဒသမ ၈၀၈ သန်းလျော့နည်း ခဲ့ပါတယ်။ ထိုကဲ့သို့ အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ်ကာလတူထက်ပါ ကုန်သွယ်မှု ပမာဏလျော့နည်း ရခြင်းမှာ ဒေသ တည်ငြိမ်အေးချမ်းမှုနဲ့ လုံခြုံမှု တိုးတက်ကောင်းမွန် လာသော်လည်း နှစ်ဖက်နိုင်ငံရဲ့ ကုန်သည် လုပ်ငန်းရှင်များမှာ ကုန်သွယ်မှုပြုလုပ်ရန် ယုံကြည်မှု အားနည်းနေသေးခြင်း၊ တစ်ဖက်နိုင်ငံနဲ့ ကုန်သွယ်ရာမှာ  ရောင်းသူ  ဈေးကွက်မရှိဘဲ ဝယ်သူဈေးကွက် သာ ဖြစ်နေခြင်း၊ အဓိကတင်ပို့တဲ့ ရေထွက် ကုန်ပစ္စည်း များဖြစ်တဲ့ ရေချိုငါးများမှာလည်း ပြည်မမှ မှာယူတင်ပို့နေရ၍ လမ်းခရီးတွင် ကြာမြင့်မှုများကြောင့် ငါးများမှာ လတ်ဆတ်မှု မရှိတဲ့ အတွက် ဈေးကောင်းမရရှိခြင်း၊ အခြားဈေးကွက်မရှိ၍ ဘင်္ဂလားဒေ့ရှ်တစ်ခုတည်းကိုသာ ထွက်ပေါက်ရှိတဲ့အတွက် ဝယ်သူဈေးကွက် သာ ဖြစ်နေခြင်းတို့ကြောင့် ကုန်သွယ်မှုပမာဏ လျော့နည်းရတာ ဖြစ်ပါတယ်။ လာမဲ့ကာလမှာ ကုန်သွယ်မှုတိုးတက်ရေးအတွက် သက်ဆိုင်ရာ ဆက်စပ်ဌာနများ၊ ကုန်သည်လုပ်ငန်းရှင်များနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း၊ ခိုင်မာတဲ့ဈေးကွက်ရရှိရန်အတွက် အခြားနိုင်ငံများ သို့ ဈေးကွက်ထိုးဖောက် ဆောင်ရွက်ခြင်းနဲ့ ပြည်မမှ မှာယူတင်ပို့မဲ့ အစား ရခိုင်ပြည်နယ်အတွင်း ငါးပုစွန်မွေးမြူရေးလုပ်ပြီး တင်ပို့ခြင်းတို့ လုပ်ဆောင်နိုင်လျှင် ကုန်သွယ်မှုတိုးတက်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

 

                                                                                                                                        တင်တင်ထွန်း MIRT (DCCA)