ကင်ဆာရောဂါကြောင့် သေဆုံးမှုများ အမေရိကားမှာ လျော့ကျလာပြီ

 

ကင်ဆာရောဂါကြောင့် သေဆုံးမှုများ ၂၂ ရာခိုင်နှုန်းထိ လျော့ကျလာပြီဖြစ်ကြောင်း အမေရိကန်ကင်ဆာ အသင်းရဲ့ နှစ်ပတ်လည် အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကျော်မှာတုံးက ကင်ဆာကြောင့် သေဆုံးသူဦးရေ ၁ ဒသမ ၅သန်းကျော်ရှိခဲ့ပြီး  သေဆုံးမှုဦးရေ အမြင့်ဆုံးဖြစ်တယ်လို့ အစီရင်ခံစာမှာ  ဖော်ပြထားပါတယ်။ယခုလို ကင်ဆာကြောင့်  သေဆုံးမှုဦးရေကျဆင်းလာခြင်းဟာ အမေရိကား မှာ ဆေးလိပ်သောက်သုံးမှုအနည်းငယ် လျော့ကျလာတဲ့အပြင် ကင်ဆာရောဂါနဲ့ပတ်သက်ပြီး ကြိုတင်ဆေးစစ်မှုများ ကုသမှုများကို လုပ်ပေးခြင်းဖြင့် ကင်ဆာရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ပေးနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ Cancer Facts & Figures 2015  ဆောင်ပုဒ်ကလည်း လူတွေကိုသတိပြုစေရာရောက် နေကြောင်း၊ ယခုနှစ်မှာဆို ကင်ဆာရောဂါကြောင့် အမေရိကားမှာ သေဆုံးသူဦးရေ ၅၈၉၄၃၀ ဦးခန့် ရှိနေပြီး တစ်ရက်ကို ၁၆၀ဝ ဦးနှုန်းသေဆုံးနေတယ်လို့ ကင်ဆာအသင်းနှစ်ပတ်လည်အစီရင်ခံစာအရ သိရပါတယ်။ အများဆုံးသေဆုံးရမှုတွေကတော့ အမျိုးသားတွေမှာ အဆုတ်ကင်ဆာ၊ ဆီးကြိတ်ကင်ဆာနဲ့ အူမကြီးကင်ဆာတို့ ဖြစ်ပြီး အမျိုးသမီးတွေမှာတော့ အဆုတ်၊ ရင်သားနဲ့ အူမကြီး ကင်ဆာတို့ကြောင့် ဖြစ်ပါတယ်။ ကင်ဆာရောဂါကြောင့်  သေဆုံးမှုထက်ဝက်နီးပါးဟာ ဒီလေးမျိုးကြောင့်ဖြစ်ပွားပြီး အဆုတ် ကင်ဆာကြောင့် သေဆုံးမှုဟာ ၂၇ ရာခိုင်နှုန်းရှိပါတယ်။ ဆီးကြိတ်၊ အဆုတ်နဲ့ အူမကြီး ကင်ဆာကြောင့် အမျိုးသား များ သေဆုံးမှုဟာ သေဆုံးမှုစုစုပေါင်းရဲ့ ထက်ဝက်ရှိပြီး ဆီးကြိတ်ကင်ဆာ တစ်မျိုးတည်းကြောင့် သေဆုံးမှုဟာ လေးပုံတစ်ပုံခန့် ရှိပါတယ်။ ၂၀၁၅ ခုနှစ်မှာ အမျိုးသမီးများမှာ အဖြစ်များတဲ့ ရင်သား၊ အဆုတ်နဲ့ အူမကြီးကြောင့် သေဆုံးမှုဟာ ထက်ဝက်ကျော်ရှိပြီး  ရင်သားကင်ဆာ တစ်မျိုးတည်းကြောင့် သေဆုံးမှုဟာ ၂၉ ရာခိုင်နှုန်းရှိတယ်လို့ အစီရင်ခံစာမှာဖော်ပြချက်အရသိရှိရပါတယ်။ ကြိုတင်ရောဂါရှာဖွေခြင်း၊ ကုသမှုများပြုလုပ်ပေးခြင်းဖြင့် ယခုနှစ်မှာတော့ ကင်ဆာကြောင့်သေဆုံးမှုများ  လျော့နည်းကျဆင်းလျက်ရှိကြောင်း သတင်းကောင်း မျှေ၀ ပေးလိုက်ရပါတယ်။

                                                                                                                                                                  ရှင်ပါဂူ