92 Ron နဲ့ 95 Ron တင်သွင်းရာမှာ သတ်မှတ် Specification များနဲ့ ကိုက်ညီရန်လိုအပ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်

 

          ပုဂ္ဂလိကစက် သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူး ရောင်းချခြင်းကို သတ်မှတ် စည်းကမ်းချက်များနဲ့ အညီ လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြု ထားပြီးဖြစ်ရာ စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်းများ တင်သွင်း သိုလှောင် သယ်ယူဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ၊ ပြည်နယ်တိုင်းဒေသကြီး အလိုက် ရေနံထွက်ပစ္စည်းများ တင်သွင်း သိုလှောင်သယ်ယူ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီ များနဲ့ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချဖြန့်ဖြူးရေး အသင်းခွဲများကို ဖွဲ့စည်းလျက် တင်သွင်းဖြန့်ဖြူးရောင်းချနေတဲ့ စက်သုံးဆီများရဲ့ အခြင်အတွယ်၊ အရည်အသွေး၊ စံချိန်စံညွှန်းများ ကိုက်ညီ မှန်ကန်စေရေး စနစ်တကျ ထိန်းသိမ်းကြီးကြပ် ဆောင်ရွက်လျက်ရှိပါတယ်။ ပုဂ္ဂလိကကဏ္ဍမှ ပင်လယ်ရေကြောင်းမှ လည်းကောင်း၊ နယ်စပ်ဒေသများမှ လည်းကောင်း တင်သွင်းကြတဲ့ စက်သုံးဆီများဟာ သတ်မှတ်စံချိန်စံညွှန်းတူညီမှုမရှိဘဲ ကွဲပြားခြားနားမှုများ ရှိနေတဲ့အတွက် စံသတ်မှတ်ချက်များအဖြစ် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံ ဓါတုဗေဒလုပ်ငန်းမှ အဆိုပြု တင်ပြတဲ့ ဓါတ်ဆီ 92 Ron Specification နဲ့ ဓါတ်ဆီ 95 Ron Specification များအတိုင်းအတည်ပြု လက်မှတ် ဆောင်ရွက်သွားရန် ဒီဇင်ဘာလ  ၃ ရက်နေ့က ကျင်းပပြုလုပ်တဲ့ စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်းများ တင်သွင်းသိုလှောင် သယ်ယူဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီအစည်းအဝေးက သဘောတူဆုံးဖြတ် လိုက်ပြီးဖြစ်တယ်လို့သိရပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ပုဂ္ဂလိကလုပ်ငန်းရှင်ကုမ္ပဏီ/အဖွဲ့အစည်းများက 92 Ron  နဲ့ 95Ron တို့အတွက် သွင်းကုန်လိုင်စင်လျှောက်ထားရာမှာ သတ်မှတ်ထားတဲ့ Specification များနဲ့ ကိုက်ညီမှသာ သွင်းကုန်လိုင်စင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်။

         

                                                                                                                                                             MIRT (DCCA)