အမေရိကန်နိုင်ငံမှပန်းသီးတင်ပို့မှုအချို့ကို အင်ဒိုနီးရှားနိုင်ငံမှပိတ်ပင်တားမြစ်

 

          အင်ဒိုနီးရှားနိုင်ငံသည်အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှတင်သွင်းသည့်ပန်းသီး နှစ်မျိုးမှာ အန္တရာယ်ဖြစ်စေသော Listeria ပိုးမွှားပါရှိသည်ဟုဆိုသဖြင့် တင်သွင်းမှုပိတ်ပင်ခဲ့ပါသည်။ အဆိုပါပန်းသီးများမှာ Gala နှင့် Granny Smith တို့ဖြစ်ပြီး Bakersfield’s packing house ၏ Bidart Bros. မှဖြန့်ဖြူးခဲ့ခြင်းဖြစ်ကာ အမေရိကန်ပြည်ထောင်စုတွင်လည်း Listeriaကြောင့် ပြည်နယ် ၁၁ ခုတွင်လူသုံးဦး သေဆုံးပြီး ၂၈ ဦး ရောဂါဖြစ်ပွားခဲ့ပါသည်။ လတ်တလောကာလတွင် လည်း ကိုယ်ဝန်ဆောင်အမျိုးသမီး ဒါဇင်ပေါင်းများစွာတို့သည် အဆိုပါပန်းသီးနှစ်မျိုးစလုံးအား စားသုံးပြီးနောက် ဖျားနာခဲ့ကြောင်းလည်း သိရှိရပါသည်။

          လက်ရှိကာလတွင်အင်ဒိုနီးရှားနိုင်ငံအနေဖြင့် Granny’s Bestနှင့် Big B တံဆိပ်အမှတ် အသားတို့ပါရှိသော ကယ်လီဖိုးနီးယားပြည်နယ်၏ စက်ရုံများမှ တင်သွင်းသောပန်းသီးများကို တင်သွင်းခြင်းမပြုပေ။ သို့ရာတွင် အဆိုပါပန်းသီးများကို အခြားတံဆိပ်အမှတ်အသားများဖြင့် အိမ်နီးချင်းနိုင်ငံအချို့မှ နိုင်ငံတွင်းသို့ သယ်ဆောင်လာနိုင်သဖြင့် ကြိုတင်ကာကွယ်မည့်နည်းလမ်းများ လိုအပ်လျက်ရှိကြောင်းလည်း သိရှိရပါသည်။ ကုန်သွယ်ရေးဝန်ကြီးဌာန၊ စံချိန်စံညွှန်းနှင့် စားသုံးသူ ကာကွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ အမေရိကန် ပြည်ထောင်စုမှ ပန်းသီးတင်သွင်းမှုကို ပိတ်ပင်သကဲ့သို့ ပြည်တွင်းလက်လီရောင်းချသူများမှ ပန်းသီးကို ရောင်းချ ဖြန့်ဖြူးမှုနှင့် ပြည်တွင်း စားသုံးသူများ၏ စားသုံးမှုကိုလည်း တားမြစ်ပိတ်ပင်ထားကြောင်း ပြောကြားခဲ့ပါသည်။

   ညွှန်ကြားရေးမှူးချုပ်မှ သတင်းစာရှင်းလင်းပွဲတစ်ခု၌ အမေရိကန်ပြည်ထောင်စုမှပန်းသီး စားသုံးမှုအား လုံခြုံစိတ်ချရမှုရှိကြောင်း ကြေညာသည်နှင့် ပန်းသီးတင်သွင်းမှုပိတ်ပင်ထားခြင်းကို  ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင် အာရှ နိုင်ငံများအနက် မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့်ဖိလစ်ပိုင်နိုင်ငံတို့ပြီးနောက် ပန်းသီးတင်သွင်းမှု ပိတ်ပင်ခြင်း ကို  နောက်ဆုံးကြေညာသောနိုင်ငံတစ်ခုဖြစ်ပြီး မလေးရှားနိုင်ငံနှင့်ဖိလစ်ပိုင်နိုင်ငံတို့သည် ၎င်းတို့နိုင်ငံများအတွင်းသို့ ပန်းသီးတင်သွင်းမှု ပိတ်ပင်သည့်အပြင် တင်သွင်းထားသော ပန်းသီးများ ကိုလည်း ပြည်တွင်းဈေးကွက်အတွင်းမှပြန်လည်သိမ်းဆည်းခဲ့ပါသည်။

        ထိုင်းနိုင်ငံအာဏာပိုင်များသည် ၂၀၁၄ ခုနှစ်ပန်းသီးများ ခူးဆွတ်သည့်ကာလမှစတင်၍ အမေရိကန် ပြည်ထောင်စုမှ ပန်းသီးများကို သင်္ဘောဖြင့်တင်သွင်းရောက်ရှိပြီးဖြစ်ကာ ကျန်းမာရေး အာဏာပိုင်များမှာ စိုက်ပျိုးရေး ထွက်ကုန်များ သင်္ဘောတင်ပို့သည့်ဂိတ်များတွင် စုံစမ်းစစ်ဆေးလျက်ရှိ ပါသည်။ ဇန်နဝါရီ လ (၁၇) ရက်နေ့မှစတင်၍ နိုင်ငံတကာအစားအသောက် လုံခြုံစိတ်ချရမှုဆိုင်ရာ အာဏာပိုင်များ ကွန်ရက်မှ အမေရိကန်ပြည်ထောင်စုမှ တင်ပို့သော ပန်းသီးများသည် Listeria monocytogenes ပါဝင်သဖြင့် သတိပေးတားမြစ်ချက်ထုတ်ပြန် ခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံသည် အမေရိကန်နိုင်ငံမှ ပန်းသီးတင်သွင်းမှုကိုတားမြစ်ပိတ်ပင်ခဲ့ပြီး အမေရိကန် ပြည်ထောင်စုမှ နိုင်ငံတကာ သို့တင်ပို့သည့် စီးပွားဖြစ်ထုတ်လုပ်သောပန်းသီးများနှင့် ထုပ်ပိုးထားသောပန်းသီးများကို ပြန်လည် သိမ်းဆည်းသွားရမည်ဖြစ်ပါသည်။

    အဆိုပါဘက်တီးရီးယားကို နို့၊ ဟင်းသီးဟင်းရွက်၊ သစ်သီးနှင့်အနီရောင်အသားများတွင် တွေ့ရှိရပြီး မွေးကင်းစကလေးများ၊ ကလေးသူငယ်များ၊ နာမကျန်းသူများ၊ အသက်အရွယ်ကြီးရင့်သူ များနှင့်ကိုယ်ခံအားစနစ် အားနည်းသောသူများအား လူကိုသေစေနိုင်လောက်သည် အထိ ပြင်းထန်စွာ ရောဂါဖြစ်ပွားစေနိုင်ပါသည်။ အဆိုပါ ဘက်တီးရီးယားကူးစက်ခံရသူများသည် ကာလတိုရောဂါ လက္ခဏာများဖြစ်သည့် အဖျားပြင်းထန်ခြင်း၊ ဦးခေါင်းကိုက်ခဲ ခြင်း၊ တောင့်တင်းခြင်း၊ မူးဝေအော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ကို ဖြစ်ပေါ်စေကာအချို့ကိစ္စများ တွင်သေဆုံးသည်အထိ ဖြစ်ပေါ်စေပါသည်။ အင်ဒိုနီးရှားနိုင်ငံ၊ လယ်ယာ စိုက်ပျိုးရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ၎င်း၏ ဌာနအနေဖြင့် နိုင်ငံတွင်းရောဂါ မဖြစ်ပွားစေရန် အမေရိကန်နိုင်ငံမှ တင်သွင်းသည့် ပန်းသီးများကို ဓါတ်ခွဲခန်းများတွင်စစ်ဆေးမှုများ စတင်လုပ်ဆောင်ခဲ့ကြောင်း၊ အချို့နေရာများမှပန်းသီးနမူနာများကို ရယူပြီး ဓါတ်ခွဲခန်းများတွင် စစ်ဆေးသွားမည်ဖြစ်ကာ တွေ့ရှိချက်အဖြေများကို ဇန်နဝါရီလ (၃၀) ရက်နေ့ခန့် တွင် ရရှိမည်ဟု မျှော်လင့်ကြောင်းနှင့် တွေ့ရှိချက်များရရှိပါက ထုတ်ပြန်ကြေညာ သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။ အင်ဒိုနီးရှားနိုင်ငံ၏ တရားဝင်တင်သွင်းမှုခွင့်ပြုချက် မှတ်တမ်းများအရ ၂၀၁၅ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံ တွင် အမေရိကန်နိုင်ငံ Bidart Bros. မှ ရောင်းချတင်သွင်းသည့်ပန်းသီးများကို လိုင်စင်ခွင့်ပြုမှုမရှိသေးကြောင်းလည်း သိရှိရပါသည်။

                                                                                                                            မျိုးမျိုးထိုက်၊ စားသုံးသူရေးရာဌာနခွဲ

         

 

မျိုးမျိုးထိုက် ၂-၂-၂၀၁၅ နေ့က သတင်းကို ပြန်လည်၍ ပြင်ဆင်ပေးပို့ထားတယ်သတင်းဖြစ်ပါတယ်။