အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာကိုယ်စားလှယ်သင်တန်း (၁/၂၀၂၆)ဖွင့်လှစ်ကျင်းပ

   အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်း(၁/၂၀၂၆)ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)တွင် ကျင်းပခဲ့ရာ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနှင်းနွယ်အေးက အဖွင့်အမှာစကားပြောကြားခဲ့သည်။  
   အဆိုပါသင်တန်းတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံ၏မူပိုင်ခွင့်စနစ် ခိုင်မာအားကောင်းလာစေရန်၊ အမှတ်တံဆိပ်ပိုင်ရှင်များအား အရည်အသွေးပြည့်ဝသည့် ဝန်ဆောင်မှုများပေးနိုင်ရန်နှင့် အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များကို စနစ်တကျဆောင်ရွက်နိုင်သောကိုယ်စားလှယ်များ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ သင်တန်းအား ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော မူပိုင်ခွင့်ဥပဒေ ၄ ရပ်လုံး  အာဏာသက်ဝင်ခဲ့ပြီး  မူပိုင်ခွင့်လျှောက်ထားခြင်းများကို အွန်လိုင်းမှသော်လည်းကောင်း၊ လျှောက်လွှာလက်ခံဌာန များတွင် လူကိုယ်တိုင်သော်လည်းကောင်း လက်ခံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မူပိုင်ခွင့် လျှောက်ထားချက်များကို စစ်ဆေးခြင်းလုပ်ငန်းစဉ်များဆောင်ရွက်လျက်ရှိပြီး လစဉ်စစ်ဆေးပြီးသော လျှောက်လွှာများကို ကန့်ကွက်နိုင်ကြောင်းထုတ်ပြန်ကြေညာခြင်း၊ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းစနစ်ကို နိုင်ငံတကာအဆင့်မီ၊ ပွင့်လင်းမြင်သာပြီး ထိရောက်သောစနစ်တစ်ရပ်အဖြစ် အောင်မြင်စွာ လည်ပတ်နိုင်ရေးအတွက် မူပိုင်ခွင့်ဦးစီးဌာန၏ ကြိုးပမ်းဆောင်ရွက်မှုများသာမက ကုန်အမှတ်တံဆိပ်ကိုယ်စားလှယ်များ၏ ကျွမ်းကျင်မှု၊ တာဝန်ယူမှုနှင့်ကျင့်ဝတ်လိုက်နာမှုတို့သည်လည်း အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပါကြောင်း၊ ကိုယ်စားလှယ်များအနေဖြင့် ကုန်အမှတ်တံဆိပ်ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာများနှင့် လုပ်ထုံးလုပ်နည်းများကို စနစ်တကျ နားလည်သဘောပေါက်ပြီး လုပ်ငန်းရှင်များ၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ၊ Start-up များနှင့် အခြားသော အခွင့်အရေးပိုင်ရှင်များအတွက် မူပိုင်ခွင့်လျှောက်ထား ချက်များကို မှန်ကန်နားလည်စွာ လျှောက်ထားစေလိုပါကြောင်း၊ အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားရာတွင် ကိုယ်စားလှယ်များသိရှိထားရမည့်အကြောင်းအရာများကို ဘာသာရပ်တာဝန်ခံများက ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာကိုယ်စားလှယ်များအနေဖြင့် မူပိုင်ခွင့်မှတ်ပုံတင်လျှောက်ထားခြင်းများကို သိရှိ နားလည်ထားမှသာ လျှောက်ထားရာတွင် အမှားနည်းစွာဆောင်ရွက်နိုင်မည့်အပြင် မိမိတို့ဦးစီးဌာန အနေဖြင့်လည်း မှတ်ပုံတင်လျှောက်လွှာများကို အချိန်နှင့်တပြေးညီလျင်မြန်စွာ စစ်ဆေး ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။
    သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/သူများတက်ရောက်ကြသည်။ အဆိုပါသင်တန်းကို ဇွန်လ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့ အထိ (၅)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား/သူ (၁၀၈)ဦးတက်ရောက်ကြကြောင်း သတင်းရရှိသည်။