“(၆) ကြိမ်မြောက် အာဆီယံ-ဂျပန် တီထွင်မှုမူပိုင်ခွင့်ကျွမ်းကျင်ပညာရှင်များအစည်းအဝေးနှင့် (၂၅)ကြိမ် မြောက် အာဆီယံတီထွင်မှုမူပိုင်ခွင့်လုပ်ငန်းအဖွဲ့ အစည်းအဝေး”သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ကိုယ်စားလှယ်အဖွဲ့တက်ရောက်
နေပြည်တော်၊ မတ်လ ၁၆
စင်ကာပူနိုင်ငံတွင် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော “(၆) ကြိမ်မြောက် အာဆီယံ-ဂျပန် တီထွင်မှုမူပိုင်ခွင့်ကျွမ်းကျင်ပညာရှင်များအစည်းအဝေးနှင့် (၂၅)ကြိမ်မြောက် အာဆီယံတီထွင်မှုမူပိုင်ခွင့်လုပ်ငန်းအဖွဲ့အစည်းအဝေး” သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေးကို အာဆီယံဒေသတွင်းမူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅) ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ အာဆီယံဒေသတွင်းမူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းစီမံချက် (၂၀၂၆-၂၀၃၀)အရ တီထွင်မှုမူပိုင်ခွင့်နှင့်စပ်လျဉ်းသည့် အကြောင်းအရာများဖြစ်သော အာဆီယံနိုင်ငံများရှိ တီထွင်မှုမူပိုင်ခွင့် စတင်လျှောက်ထားသည့်အချိန်မှစ၍ မှတ်ပုံတင်လက်မှတ်ထုတ်ပေးသည့်အချိန်ထိ ကြာမြင့်သည့် ကာလ များကို သိရှိနိုင်ရေးအခြေအနေများ၊ အာဆီယံဘုံလမ်းညွှန်ချက်များကို ASEAN IP Portal တွင် အချင်းချင်း လုံခြုံစွာမျှဝေနိုင်ရန်နှင့် အထောက်အကူဖြစ်စေရန်အတွက် ဆောင်ရွက်မှုအခြေအနေများ၊ အာဆီယံ တီထွင်မှုမူပိုင်ခွင့်စစ်ဆေးခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု(ASEAN Patent Examination Co-operation ASPEC)နှင့်စပ်လျဉ်း၍ ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်မှုအခြေအနေများနှင့် တီထွင်မှုမူပိုင်ခွင့် စစ်ဆေးခြင်းနှင့်စပ်လျဉ်းသည့် အရည်အသွေးစီမံခန့်ခွဲသည့်စနစ်ကို အဆင့်မြှင့်တင်နိုင်ရေး အတွက် ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးနိုင်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။
တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များအနေဖြင့် တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ လျှောက်ထားခြင်းနှင့် အသေးစိတ်စစ်ဆေးခြင်းဆိုင်ရာလုပ်ငန်းစဉ်များ၊ စစ်ဆေးရေးအရာရှိများအတွက် တီထွင်မှုမူပိုင်ခွင့်စစ်ဆေးခြင်းဆိုင်ရာ နည်းပညာများနှင့်စပ်လျဉ်း၍ ကျွမ်းကျင်မှုရှိစေရေး၊ တီထွင်မှုမူပိုင်ခွင့်နှင့် ဆက်နွယ်သောမူဝါဒများ ချမှတ်နိုင်ရေး စသည့်လုပ်ငန်းစဉ်များနှင့် အတွေ့အကြုံများကို ဆွေးနွေးဖလှယ်သွားခဲ့ကြောင်း သတင်းရရှိသည်။
