ဒေသဆိုင်ရာအညွှန်းမှတ်ပုံတင်နိုင်ရေးနှင့်စပ်လျဉ်းသော အရည်အသွေးစစ်ဆေးသည့်အဖွဲ့ (Accreditation Body) ဖွဲ့စည်းနိုင်ရေးအတွက် ဆွေးနွေးပွဲကျင်းပ
နေပြည်တော်၊ မတ်လ ၄ ရက်
ဒေသဆိုင်ရာအညွှန်းမှတ်ပုံတင်နိုင်ရေးနှင့်စပ်လျဉ်းသော အရည်အသွေးစစ်ဆေးသည့်အဖွဲ့ (Accreditation Body) ဖွဲ့စည်းနိုင်ရေးအတွက်ဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့ရှိ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အဆိုပါ ဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ စက်မှုကြီး ကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနများမှ တာဝန်ရှိသူများ စုစုပေါင်း (၃၀) ဦးခန့် တက်ရောက်ခဲ့ ကြသည်။
အဆိုပါဆွေးနွေးပွဲတွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ကျင်းပခဲ့သော မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီအစည်းအဝေး (၁/၂၀၂၆)၏ ဆုံးဖြတ်ချက်တွင်ပါဝင်သော ဒေသဆိုင်ရာအညွှန်းမှတ်ပုံတင် ခြင်းဆိုင်ရာနည်းဥပဒေ ၄၁ အရ ဒေသဆိုင်ရာအညွှန်းနှင့်စပ်လျဉ်း၍ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေးဆောင်ရွက်ရန်နှင့် ဒေသဆိုင်ရာအညွှန်း အရည်အသွေးစစ်ဆေးသည့်အဖွဲ့- Accreditation Body ဖွဲ့စည်းနိုင်ရေး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆွေးနွေးရန်အတွက် ယခု ဆွေးနွေးပွဲအား ပြုလုပ်ရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က ဒေသထုတ်ကုန်များကို အကာအကွယ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အတွက် သက်ဆိုင်ရာကဏ္ဍ အလိုက် ဌာနများမှ ဆောင်ရွက်ပေးရမည့်လုပ်ငန်းများနှင့် လိုအပ်ပါက ပူးပေါင်းဆောင်ရွက် ပေးရမည့် လုပ်ငန်းများကို ယနေ့ဆွေးနွေးပွဲတွင် ဆွေးနွေးကြရမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး ထုတ်ကုန်များ၏ ထင်ပေါ်ကျော်ကြားမှု၊ ယုံကြည်စိတ်ချရမှုများကို GI က သတ်မှတ်ပေးနိုင်ပါ ကြောင်း၊ စံသတ်မှတ်နိုင်သော ထုတ်ကုန်များကို ပြသနိုင်ပါက ပြည်တွင်းဈေးကွက်တွင် သာမက ပြည်ပဈေးကွက်အထိပါ ထိုးဖောက်နိုင်မည့် အခြေအနေရှိပါကြောင်း၊ ကြီးကြပ်ကွပ်ကဲသည့်အဖွဲ့ ဖွဲ့စည်းသတ်မှတ်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာခင်စန္ဒာဝင်းက ဒေသဆိုင်ရာ အညွှန်းမှတ်ပုံတင်လျှောက်ထားရာတွင် လိုအပ်သည့်အချက်များ၊ ပူးတွဲတင်ပြရမည့် စာရွက်စာ တမ်းများ၊ ဒေသဆိုင်ရာအညွှန်း၏ သတ်မှတ်ချက်စာအုပ်တွင် ပါဝင်ရမည့် အချက်အလက်များ၊ ဒေသဆိုင်ရာအညွှန်းအမှတ်အသားနှင့် နိုင်ငံတကာမှ GI လိုဂိုနမူနာများ၊ ကြီးကြပ်ကွပ်ကဲခြင်း နှင့်စပ်လျဉ်းသည့် အချက်အလက်များ၊ ဒေသဆိုင်ရာအညွှန်းသက်တမ်းနှင့် ဒေသဆိုင်ရာအညွှန်း မှတ်ပုံတင်နိုင်ရေးအတွက် ပြင်ဆင်ရန် လိုအပ်ချက်များကို ပြောကြားခဲ့သည်။
စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် ဒေသဆိုင်ရာအညွှန်းထုတ်ကုန်နှင့် စပ်လျဉ်း၍ မှန်ကန်မှုရှိ/မရှိ၊ အသေးစိတ်သုတေသန ပြုလုပ်မှုများ၊ စစ်ဆေးမှုများတွင် စိုက်ပျိုးရေးဦးစီးဌာန နှင့် တွဲဖက်စစ်ဆေးပေးနိုင်ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်ပစ္စည်းစမ်းသပ် စစ်ဆေးရေးနှင့် အရည် အသွေးစီမံခန့်ခွဲရေးဌာနစု(CTQM)တွင် ဓာတ်ခွဲခန်း ၇ ခုရှိပြီး ISO/ IEC 17O25 ရရှိရန် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် သမဝါယမဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် GI အလားအလာရှိသော နာမည်ကျော်ကြားသည့် ဒေသထုတ်ကုန်များကို survey ကောက်ရန်အတွက် စာရင်းပြုစုပေးနိုင်ပါကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ဒေသဆိုင်ရာအညွှန်း အလားအလာရှိသော ထုတ်ကုန်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ survey ကောက်ရန်၊ ဒေသဆိုင်ရာအညွှန်းနှင့်ပတ်သက် သည့် အရည်အသွေးထောက်ခံချက်ထုတ်ပေးသည့် အဖွဲ့အစည်းများ လျာထားဆောင်ရွက်ရန်၊ ဒေသဆိုင်ရာအညွှန်း ထုတ်ကုန်များ၏အရည်အသွေးများ သတ်မှတ်နိုင်ရေးလျာထားဆောင်ရွက် ရန်၊ ဒေသဆိုင်ရာအညွှန်း ထုတ်ကုန်အရည်အသွေး သတ်မှတ်သည့် စံချိန်စံညွှန်း ရေးဆွဲထုတ်ပြန် ရန်၊ ဒေသဆိုင်ရာအညွှန်း ထုတ်ကုန်အရည်အသွေးစစ်ဆေးသည့်အဖွဲ့အစည်း ဖွဲ့စည်းရန် ဆုံးဖြတ် ခဲ့ကြကြောင်း သတင်းရရှိသည်။
