မကွေးနည်းပညာတက္ကသိုလ်နှင့်ကွန်ပျူတာတက္ကသိုလ်တို့မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများအတွက် မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ ကျင်းပ
နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၉ ရက်
တီထွင်ဖန်တီးမှုများမြှင့်တင်နိုင်ရေးနှင့် မူပိုင်ခွင့်ဆိုင်ရာအသိပညာဗဟုသုတများ ဖြန့်ဝေနိုင်ရေးအတွက် မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲများကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့၌ မကွေးနည်းပညာတက္ကသိုလ်တွင်လည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့၌ မကွေး ကွန်ပျူတာတက္ကသိုလ်တွင်လည်းကောင်း အသီးသီးကျင်းပခဲ့ရာ မကွေးနည်းပညာတက္ကသိုလ်တွင် ကျင်းပသော ဆွေးနွေးပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၄၀၀) ဦး တက်ရောက်ခဲ့ကြပြီး မကွေးကွန်ပျူတာတက္ကသိုလ်တွင် ကျင်းပသောဆွေးနွေးပွဲသို့ ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၄၂၅)ဦး တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲများတွင် သက်ဆိုင်ရာတက္ကသိုလ်များမှ ပါမောက္ခချုပ်များက အဖွင့်အမှာစကားပြောကြားခဲ့ကြပြီး မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က မြန်မာနိုင်ငံတွင် မူပိုင်ခွင့်စနစ် ခိုင်မာစွာပေါ်ထွန်းလာစေရေးအတွက် အမျိုးသားအဆင့်မူပိုင်ခွင့်ဆိုင်ရာမဟာဗျူဟာများ ချမှတ်ပြီး မဟာဗျူဟာများပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မူပိုင်ခွင့်အသိပညာများ၊ မူပိုင်ခွင့်အကျိုးကျေးဇူးများကို သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်များ၊ သုတေသနဌာနများကို ဖြန့်ဝေခြင်းအခန်းကဏ္ဍသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မူပိုင်ခွင့်အသိပညာများသိရှိခြင်းမှ တီထွင်ဆန်းသစ်မှုနှင့်ဖန်တီးမှုများ မြင့်မားတိုးတက်လာစေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ဖြစ်စေပါကြောင်း၊ မူပိုင်ခွင့်စနစ်တစ်ရပ် ဖွံ့ဖြိုးလာခြင်းသည် နိုင်ငံ၏စီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ကျန်းမာရေး စသည့်ကဏ္ဍများ ဖွံဖြိုး တိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သောစနစ်တစ်ရပ်ဖြစ်ပြီး ဆန်းသစ်တီထွင်ဖန်တီးမှုများကို မူပိုင်ခွင့်ဖြင့်အကာအကွယ်ပေးခြင်း၊ အဆင့်မြင့်နည်းပညာများ လွှဲပြောင်းရယူနိုင်စေခြင်း၊ အများပြည်သူအတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ပေါ်ပေါက်လာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများစွာ ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ တီထွင်ဖန်တီးမှုနည်းပညာများနှင့်ဆက်စပ်လျက်ရှိသော တက္ကသိုလ်၊ ကောလိပ်များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအေးသီရိဝေက ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေများအကြောင်းသိကောင်းစရာများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးလင်းအောင်ဆွေက တီထွင်မှုမူပိုင်ခွင့်ဥပဒေနှင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေများအကြောင်းသိကောင်းစရာများနှင့်စပ်လျဉ်း၍လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများကသိရှိလိုသည်များအား မေးမြန်းခြင်းများအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကာ ဆွေးနွေးပွဲများကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
