အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအတွက် စက်မှုဒီဇိုင်း မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကျင်းပ
နေပြည်တော်၊ ဇန်နဝါရီလ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ နေပြည်တော်အတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအတွက် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ နေပြည်တော်အတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များမှ ကိုယ်စားလှယ်များ၊ စုစုပေါင်း(၇၅)ဦးခန့် တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ ယခုဆွေးနွေးပွဲတွင် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စက်မှုဒီဇိုင်းမူပိုင်ခွင့်၏ အရေးပါပုံ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ကို အကာအကွယ်ရယူထားခြင်းဖြင့် ရရှိနိုင်သော အကျိုး ကျေးဇူးများ၊ အကာအကွယ်မရယူထားပါက တွေ့ကြုံနိုင်သည့် ဆုံးရှုံးနစ်နာမှုများအကြောင်း နှင့်စက်မှုဒီဇိုင်းမှတ်ပုံတင်လျှောက်ထားခြင်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းစဉ်များကို ဆွေးနွေးသွားမည် ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်၊ စာပေနှင့်အနုပညာမူပိုင်ခွင့်၊ တီထွင်မှုမူပိုင်ခွင့်များ မှတ်ပုံတင်နိုင်ရေးအတွက် လျှောက်ထားချက်များစစ်ဆေးခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ စက်မှုဒီဇိုင်းမှတ်ပုံတင်လျှောက်ထားချက်များကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ လက်ခံဆောင်ရွက်ခဲ့ပါကြောင်း၊ လျှောက်လွှာစုစု ပေါင်း ၄၀၀ ကျော်လက်ခံရရှိထားပြီး လျှောက်လွှာ၂၀၀ နီးပါးကို စက်မှုဒီဇိုင်းမှတ်ပုံတင်လက်မှတ်များထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စက်မှုလက်မှုလုပ်ငန်းများ၊ အဝတ်အထည်လုပ်ငန်းများ၊ စားသောက်ကုန်လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဒီဇိုင်း၏အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် စက်မှုဒီဇိုင်းမူပိုင်ခွင့်၏အရေးပါမှုကို သိရှိထားရန်လိုအပ်ပါကြောင်း၊ ဒီဇိုင်းဖန်တီးသူများအနေဖြင့် ဈေးကွက်လိုအပ်ချက်အရ ဒီဇိုင်းများကို တီထွင်ဖန်တီးရာ တွင် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ နည်းဥပဒေပါဖော်ပြချက်၊ သတ်မှတ်ချက်များကို သိရှိနားလည် ထားလျှင် ဖန်တီးပြုလုပ်ထားသော ထုတ်ကုန်ပစ္စည်းများကို အခြားသူတစ်ဦးဦးမှ ပုံတူကူးချခြင်း၊ အတုပြုလုပ်ရောင်းချခြင်း၊ ထင်ယောင်ထင်မှားဖြစ်စေခြင်းများကို စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် အကာအကွယ် ရယူနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင်စက်မှုဒီဇိုင်းမူပိုင်ခွင့်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်စန္ဒာဝင်းက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံဖြိုးတိုးတက်ရေး အတွက် စက်မှုဒီဇိုင်းမူပိုင်ခွင့်၏အရေးပါပုံနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ကြကာ ဆွေးနွေးပွဲကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
