အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး)မှ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများအတွက် မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကျင်းပ
နေပြည်တော်၊ ဇန်နဝါရီလ ၁၆
အမျိုးသားအဆင့်မူပိုင်ခွင့်ဆိုင်ရာမဟာဗျူဟာပါလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်ရေးအတွက် မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့၌ အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး)တွင်ကျင်းပခဲ့ရာ အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး)မှ ကျောင်းအုပ်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်နှင့်တာဝန်ရှိသူများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး)မှကျောင်းအုပ်ကြီး၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ စုစုပေါင်း(၂၂၀)ဦး တက်ရောက်ခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲတွင် ကျောင်းအုပ်ကြီး ဦးဩဩကျော်က အဖွင့်အမှာစကားပြောကြားရာ၌ တီထွင်ဖန်တီးမှုများဖွံ့ဖြိုးတိုးတက်ခြင်းသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ ကောင်းဖြစ်သည့်အတွက် တီထွင်ဖန်တီးမှုများ များပြားလာစေရန် မူပိုင်ခွင့်စနစ်သည် အရေးကြီးပါ ကြောင်း၊မိမိတို့စက်မှုလက်မှုသိပ္ပံကျောင်းသည် တီထွင်ဖန်တီးမှုများတိုးတက်လာစေရန် ကျွမ်းကျင်သော လူစွမ်းအားအရင်းအမြစ်များကိုပျိုးထောင်၍ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရသည်ဖြစ်ရာ မိမိတို့၏တီထွင်ဖန်တီးမှုများကို မူပိုင်ခွင့်ဖြင့် အကာအကွယ်ယူထားမှသာ မူပိုင်ခွင့်ပိုင်ရှင် အနေဖြင့် အခွင့်အရေးများ၊ အကျိုးအမြတ်များရရှိမည်ဖြစ်ပါကြောင်း၊ ယခုဆွေးနွေးပွဲတွင် မူပိုင်ခွင့်၏ အခြေခံသဘောတရားများကို ဆွေးနွေးသွားမည်ဖြစ်၍ စိတ်ပါဝင်စားစွာနားထောင်ကြရန်နှင့် သိရှိလိုသည်များကို မေးမြန်းကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က မြန်မာနိုင်ငံတွင် မူပိုင်ခွင့်စနစ်ခိုင်မာစွာပေါ်ထွန်းလာစေရေးအတွက် အမျိုးသားအဆင့်မူပိုင်ခွင့်ဆိုင်ရာ မဟာဗျူဟာပါလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တက္ကသိုလ်/ကောလိပ်များ၊ သုတေသနဌာနများသို့ မူပိုင်ခွင့်အသိပညာဖြန့်ဝေပေးခြင်းသည်လည်း လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့်ပါဝင်ပါကြောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်/ကောလိပ်များ၊ စက်မှုလက်မှုသိပ္ပံများနှင့်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်တွင် တီထွင်ဖန်တီးမှုများကို မြင့်မားတိုးတက်စေမည်ဖြစ်ပြီး တီထွင်ဖန်တီးမှုများများပြားလာခြင်းမှ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အထောက်အပံ့ဖြစ်စေမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်/ ကောလိပ်များ၊ စက်မှုလက်မှုသိပ္ပံကျောင်းများသည်နည်းပညာများပေါ်ထွက်နိုင်သည့်အဓိကနေရာများဖြစ်ကြပြီး အဆင့်မြင့်သောသုတေသန လုပ်ငန်းများကို ဆောင်ရွက်နိုင်ကြသည့်အတွက် သုတေသနလုပ်ငန်းများမှ အကျိုုးအမြတ်များရရှိစေရန် မူပိုင်ခွင့်စနစ်ကို အသုံးပြုနိုင်ရန်လိုအပ်ပါကြောင်း၊ မူပိုင်ခွင့်စနစ်ကို အကျိုးရှိစွာအသုံးချနိုင် ရေးအတွက် မူပိုင်ခွင့်ဆိုင်ရာဗဟုသုတများကို သိရှိထားရန်လိုအပ်ပါကြောင်း၊ မူပိုင်ခွင့်စနစ်သည် တီထွင်ဖန်တီးသူနှင့် အသုံးပြုသူတို့အကြား မျှတသောအကျိုးခွဲဝေခံစားနိုင်သည့်စနစ်တစ်ရပ်ဖြစ်ပြီး မူပိုင်ခွင့်အကာအကွယ်ရယူထားခြင်းဖြင့် မူပိုင်ခွင့်ပိုင်ရှင်အဖြစ် တရားဝင်အသိအမှတ်ပြုခြင်းခံရမည့်အပြင် မူပိုင်ခွင့်ဥပဒေအရ ခွင့်ပြုထားသောအခွင့်အရေးများကို သတ်မှတ်ကာလအတွင်းရရှိခံစား နိုင်မည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ပိုင်ရှင်အနေဖြင့် စီးပွားရေးအလို့ငှာအသုံးပြုလိုသူများထံမှ သင့်လျော် သောအခကြေးငွေရရှိရန်ညှိနှိုင်းတောင်းခံနိုင်သည့်အပြင် ခွင့်ပြုချက်မယူဘဲစီးပွားရေးအလို့ငှာ အသုံး ပြုခြင်းကြောင့် နစ်နာမှုများအတွက် နစ်နာကြေးများကိုလည်း ဥပဒေအရ တောင်းဆိုနိုင်မည်ဖြစ်ပါ ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာစိမ့်သန္တာထွန်းက မူပိုင်ခွင့်၏အရေးပါပုံနှင့်အခြေခံသိကောင်းစရာများနှင့်တက္ကသိုလ်/ကောလိပ်များတွင် တီထွင်ဖန်တီးမှုများ နှင့်နည်းပညာများအား MSMEs လုပ်ငန်းများတွင် အသုံးချနိုင်ရေးအတွက် Techonology Licencing Department (TLD)များမှ မူပိုင်ခွင့်စီမံခန့်ခွဲမှုဆိုင်ရာစနစ်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့်ဆရာ/ဆရာမများ၊ ကျောင်းသား/သူများကသိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ ကြကာ ဆွေးနွေးပွဲကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
