CTQM ဝန်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်၍ အသိအမှတ်ပြုအမှတ်တံဆိပ် မှတ်ပုံတင်နိုင်ရေးကိစ္စရပ်နှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ဇန်နဝါရီလ ၁၅
    CTQMဝန်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်၍ အသိအမှတ်ပြုအမှတ်တံဆိပ်မှတ်ပုံတင်နိုင် ရေးကိစ္စရပ်နှင့်စပ်လျဉ်းသည့်ဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၁၁:၀၀ နာရီ အချိန်၌ စားသုံးသူရေးရာဦးစီးဌာနအောက်ရှိ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု(CTQM)၊ လှည်းကူး၌ ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။
    ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ မူပိုင်ခွင့်ဆိုသည်မှာ မိမိ၏ကိုယ်ပိုင်အသိဉာဏ်ဖြင့်ပြုလုပ်သော တီထွင်ဖန်တီးမှုများကို အကာအကွယ်ပေးရန် ဥပဒေအရပေးအပ်ထားသော အခွင့်အရေးတစ်ရပ်ဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံတွင် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေနှင့် တီထွင်မှုမူပိုင်ခွင့် ဥပဒေတို့ကို ၂၀၁၉ ခုနှစ်တွင် ပြဋ္ဌာန်းနိုင်ခဲ့ပြီး  မူပိုင်ခွင့်လျှောက်ထားခြင်းများကို လက်ခံစစ်ဆေး၍  ခွင့်ပြုသောမူပိုင်ခွင့်များကို မူပိုင်ခွင့်မှတ်ပုံတင်လက်မှတ်(Certificate)များ ထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊မူပိုင်ခွင့်ဥပဒေများကိုအကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်၍ စီးပွားရေးလုပ်ငန်းရှင်များ၊ မူပိုင်ခွင့်ပိုင်ရှင်များ၊ အဖွဲ့အစည်းများ၏ အမှတ်တံဆိပ်များ၊ စာပေနှင့်အနုပညာလက်ရာများ၊ ပြင်ပအသွင်အပြင်ဒီဇိုင်းများ၊ တီထွင်ဖန်တီးမှုများကို မူပိုင်ခွင့်ဥပဒေများဖြင့် အကာအကွယ်ရယူနိုင်ပြီဖြစ်ပါကြောင်း၊ အမှတ်တံဆိပ်တွင် ကုန်အမှတ်တံဆိပ်၊ ဝန်ဆောင်မှုအမှတ်တံဆိပ်၊ စုပေါင်းပိုင် အမှတ်တံဆိပ်နှင့် အသိအမှတ်ပြုအမှတ်တံဆိပ်တို့ပါဝင်ပါကြောင်း၊ CTQM(လှည်းကူး)၏ ဓါတ်ခွဲခန်း များတွင် လယ်ယာထွက်ကုန်သီးနှံများအနက် ဆီနှင့်ဆီထွက်သီးနှံများကို ဓာတ်ခွဲစမ်းသပ်ခြင်း၊ ပိုးသတ်ဆေးကြွင်းရှိ/မရှိ ဓါတ်ခွဲစမ်းသပ်ခြင်းများကို စမ်းသပ်စစ်ဆေးလျက်ရှိပြီး အသိအမှတ်ပြုလက်မှတ်များ ထုတ်ပြန်ပေးလျက်ရှိသည့်အတွက် မူပိုင်ခွင့်ဦးစီးဌာနနှင့် ဆက်စပ်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုအရ ကုန်အမှတ်တံဆိပ်လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များ၊ CTQM ဝန်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်၍ အသိအမှတ်ပြုအမှတ်တံဆိပ် မှတ်ပုံတင်နိုင်ရေးနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များကို CTQMမှ ဝန်ထမ်းများကို သိရှိစေရန်အတွက် လာရောက်ဆွေးနွေးခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ 
ဆက်လက်၍ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဌာနခွဲမှညွှန်ကြားရေးမှူး ဒေါက်တာစိမ့်သန္တာထွန်းက အသိအမှတ်ပြုအမှတ်တံဆိပ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ အသိအမှတ်ပြုအမှတ်တံဆိပ်၏ သဘောသဘာဝများ၊ အသိအမှတ်ပြုအမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းအတွက် လိုအပ်ချက်များ နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ CTQM မှ ဝန်ထမ်းများကသိရှိလိုသည်များကို မေးမြန်းခြင်း များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု(CTQM)၊ လှည်းကူးမှ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း (၂၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။