မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
နေပြည်တော်၊ ဒီဇင်ဘာလ ၂၉
မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို စင်ကာပူ-မြန်မာသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ဖိတ်ကြား၍ ၂၉-၁၂-၂၀၂၅ ရက်နေ့၊ ရုံးအမှတ် (၅၂)၊ မူပိုင်ခွင့်ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။
ဟောပြောပွဲတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံတွင် မူပိုင်ခွင့်စနစ်ခိုင်မာစွာပေါ်ထွန်းလာစေရေးအတွက် အမျိုးသားအဆင့်မူပိုင်ခွင့်ဆိုင်ရာမဟာဗျူဟာ ပါလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းစဉ်တစ်ရပ်ဖြစ် သည့် တက္ကသိုလ်၊ ကောလိပ်များ၊ သုတေသနဌာနများသို့ မူပိုင်ခွင့်အကျိုးကျေးဇူးများနှင့် မူပိုင်ခွင့်အသိပညာဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များ၊ ကောလိပ်များနှင့်ပူးပေါင်းဆောင်ရွက်ခြင်းသည် တီထွင်ဆန်းသစ်မှုနှင့် ဖန်တီးမှုများကို မြင့်မားတိုးတက်စေမည်ဖြစ်ပြီး တီထွင်ဖန်တီးမှုများ များပြားလာခြင်းမှ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် မူပိုင်ခွင့်ဥပဒေ ၄ ရပ်ကို အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး မူပိုင်ခွင့်လျှောက်ထားချက်များကိုလက်ခံခြင်း၊ စစ်ဆေးခြင်း၊ မှတ်ပုံတင်လက်မှတ်များ ထုတ်ပေးခြင်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် မူပိုင်ခွင့်ဥပဒေများ ပြဋ္ဌာန်းအကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ပါသဖြင့် စီးပွားရေးလုပ်ငန်း ရှင်များ၏ အမှတ်တံဆိပ်များ၊ မူပိုင်ခွင့်ပိုင်ရှင်များ၏ စာပေနှင့်အနုပညာလက်ရာများ၊ ပြင်ပအသွင်အပြင်ဒီဇိုင်းများ၊ တီထွင်ဖန်တီးမှုများကို မူပိုင်ခွင့်ဥပဒေများဖြင့် အကာအကွယ်ရယူနိုင်ပြီဖြစ်ပါကြောင်း၊ ဟောပြောပွဲသို့တက်ရောက်လျက်ရှိသည့် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအနေဖြင့် စိတ်ကူးစိတ်သန်းအရ တီထွင်ဖန်တီးမှုများကို မူပိုင်ခွင့်အကာအကွယ်ရယူနိုင်မည်ဖြစ်ပါကြောင်း၊ တီထွင်ဖန်တီးမှုများကို မူပိုင်ခွင့်ဥပဒေများအရ အကာ အကွယ်ပေးခြင်းဖြင့် တီထွင်ဖန်တီးမှုများကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ခြင်း၊ တီထွင်ဖန်တီးသူများ၏ အကျိုးစီးပွားကို တိုးတက်စေနိုင်ခြင်း၊ ပိုမိုအဆင့်မြင့်တဲ့တီထွင်မှုများကို ထွက်ပေါ်စေပြီးလူနေမှုအဆင့်အတန်းများ မြင့်မားလာစေမည်ဖြစ်ပါကြောင်း၊ သုတေသနစာတမ်းများဆောင်ရွက်လျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများ၊ ဆောင်ရန်ရှောင်ရန်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များကို သိရှိနားလည်စေရန်အတွက် ယနေ့အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မူပိုင်ခွင့်အကြောင်း သိကောင်းစရာများနှင့်စပ်လျဉ်း၍ ဥပဒေရေးရာနှင့် ကြားနာဖျန်ဖြေရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်တင်မျိုးမြင့်က ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ အဆိုပါအသိပညာပေးဟော ပြောပွဲသို့ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ စင်ကာပူ-မြန်မာသက်မွေး ပညာသင်တန်းကျောင်းမှ တာဝန်ရှိသူကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း( ၁၆၀ )ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
