မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်သည့် “ယှဉ်ပြိုင်မှုမျှတစေရေး (Competitive Neutrality) ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ” သို့တက်ရောက်ခြင်း
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့မှ ၉ ရက်နေ့ အထိကျင်းပပြုလုပ်ခဲ့သည့် “ယှဉ်ပြိုင်မှုမျှတစေရေး (Competitive Neutrality) ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ” သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ယှဉ်ပြိုင်မှု မူဝါဒဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဝေရည်ကျော် တက်ရောက်ဆွေးနွေးခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ (State Owned Enterprises – SOE) နှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအပေါ်ယှဉ်ပြိုင်မှုမျှတစေရေးအရေးကြီးမှု၊ SOE ၏ စီးပွားရေးအရအရေးပါမှုနှင့် အကျိုးသက်ရောက်မှု၊ စက်မှုမူဝါဒနှင့် ယှဉ်ပြိုင်မှုမူဝါဒအချင်းချင်း ဆက်စပ်မှု၊ ကုန်သွယ်မှုသဘောတူစာချုပ်များတွင် SOE နှင့်စပ်လျဉ်း၍ ထည့်သွင်းထားသည့် စည်းမျဉ်းများ၊ ခွဲခြားဆက်ဆံမှုတားမြစ်ချက်များနှင့် ခြွင်းချက်များ၊ အများပြည်သူအကျိုးအတွက် SOE လုပ်ငန်းများလုပ်ဆောင်သည့် ဝန်ဆောင်မှုတာဝန်များ၊ ဥပဒေချမှတ်မှုနှင့် လုပ်ငန်းဆောင် ရွက်မှုများအပေါ် ထိရောက်စွာစိစစ်ရန်လိုအပ်မှုတို့ကိုဆွေးနွေးခဲ့ကြပါသည်။ အဓိကအားဖြင့် SOE လုပ်ငန်းများနှင့် အစိုးရနှင့်သက်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများသည် ဈေးကွက်တွင် ယှဉ်ပြိုင်မှု အပေါ် အကျိုးသက်ရောက်မှုရှိနိုင်သော်လည်း စီးပွားရေးစနစ်နှင့် စီးပွားရေးလည်ပတ်မှုများကို ထိခိုက်မှုမရှိစေရေး ဥပဒေ၊ မူဝါဒနှင့် စည်းမျဉ်းများဖြင့် ထိန်းကျောင်းနိုင်ကြောင်း၊ ကုန်သွယ်မှု သဘောတူစာချုပ်များက SOE များအပေါ်အကျိုးသက်ရောက်မှုကို ထိရောက်စွာစီမံနိုင်ရန် အရေး ကြီးကြောင်း ဆွေးနွေးခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ လူကိုယ်တိုင် ၂၉ ဦးနှင့် အွန်လိုင်းမှ ၈ ဦး၊ စုစုပေါင်း ၃၇ ဦး တက်ရောက်ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံမှ ကိုယ်စားလှယ် ၂ ဦးက လူကိုယ်တိုင် တက်ရောက်ခဲ့ကြပါသည်။
