စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ အောက်မြန်မာပြည်ရုံးခွဲ (ရန်ကုန်) ၌ အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ ကိုယ်စားလှယ်များနှင့်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

   အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ ကိုယ်စားလှယ်များနှင့်ဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များတွင် ရန်ကုန်မြို့ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညီလာခံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်များ စုစုပေါင်း ၁၂၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
  အဆိုပါဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကားပြောကြား ရာတွင် မူပိုင်ခွင့်ဥပဒေများကို ၂၀၁၉ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီး ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေများကို ၂၀၂၃ ခုနှစ်တွင် လည်းကောင်း၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေကို ၂၀၂၄ ခုနှစ်တွင်လည်းကောင်းအာဏာသက်ဝင်နိုင်ခဲ့ပြီး မှတ်ပုံတင်လျှောက်ထားချက်များကို အီလတ်ထရောနစ်စနစ်ဖြင့်လည်းကောင်း၊ လျှောက်လွှာလက်ခံဌာနများမှလည်းကောင်း လက်ခံစစ်ဆေးဆောင်ရွက်ပေးလျက်ရှိပြီး လစဉ်လဆန်း ၁ ရက်နေ့တိုင်း အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားချက်များအား ကန့်ကွက်နိုင်ကြောင်းကို ထုတ်ပြန်ကြေညာလျက်ရှိပါကြောင်း၊ အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်းများကို ဘဏ္ဍာနှစ် တစ်နှစ်လျှင် (၂)ကြိမ် ဖွင့််လှစ်ပေးလျက်ရှိပါကြောင်း၊ အမှတ်တံဆိပ်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်လျက်ရှိသော ကိုယ်စားလှယ်များအနေဖြင့် အမှတ်တံဆိပ်များလျှောက်ထားရာတွင် မူပိုင်ခွင့်ဦးစီးဌာနမှ တောင်းခံသည့်လိုအပ်သောအချက်အလက်များကို ဆောင်ရွက်ရာတွင် လွဲမှားမှုများလျော့ နည်းစေရန်နှင့် ကိုယ်စားလှယ်တစ်ယောက်၏ တာဝန်ခံမှု၊ တာဝန်ယူမှုကို  ပိုမိုသိရှိနားလည်စေရန်၊ အမှတ်တံဆိပ်ပိုင်ရှင်ကိုယ်စား ဆောင်ရွက်ရာတွင် ဝန်ဆောင်မှုကောင်းမွန်စွာပေးနိုင်စေရန်၊ မူပိုင်ခွင့် ဦးစီးဌာနနှင့် အပြန်အလှန်ဆက်သွယ်ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန်ရည်ရွယ်၍ ဆွေးနွေးပွဲကိုကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါ သည်။
    ဆွေးနွေးပွဲပထမနေ့တွင် အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိပြီးအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်နေသည့်အခြေအနေများ၊ အပြည်ပြည် ဆိုင်ရာကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများအမျိုးအစားခွဲခြားခြင်း (Nice Classification) အရ ခွဲခြားရာတွင် လွဲမှားလေ့ရှိသောအကြောင်းအရာများ၊ အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းဆိုင်ရာ နောက်ဆက်တွဲလျှောက်လွှာများတင်သွင်းခြင်း၊ ဖြည့်စွက်ခြင်းနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊  ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် လျှောက်ထားချက်များအား WIPO FILE စနစ်မှတစ်ဆင့် လျှောက်ထားရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ထုတ်ပြန်ကြေညာချက်များ ရှာဖွေနိုင်သည့် နည်းလမ်း များနှင့်စပ်လျဉ်း၍ ရှင်းလင်းခြင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကိုယ်စားလှယ်များက အထွေထွေဆွေးနွေးခြင်း၊ မေးခွန်းများမေးမြန်းခြင်းများအပေါ် မူပိုင်ခွင့်ဦးစီးဌာန၊ တာဝန်ရှိသူများက အသီးသီးဆွေးနွေးခဲ့ပါသည်။
  ဆွေးနွေးပွဲဒုတိယနေ့တွင် အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ အခကြေးငွေပေးသွင်းခြင်းဆိုင်ရာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများနှင့် လုပ်ထုံး လုပ်နည်းများနှင့်စပ်လျဉ်း၍ AYA Bank နှင့် CB Bank များမှ ကိုယ်စားလှယ်များက ရှင်းလင်းဆွေးနွေးခြင်း၊ အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းဆိုင်ရာ နောက်ဆက်တွဲလျှောက်လွှာများ တင်သွင်းခြင်း၊ ဖြည့်စွက်ခြင်းနှင့် လိုက်နာဆောင်ရွက် ရမည့်အချက်များ၊ ကန့်ကွက်လွှာတင်သွင်းခြင်း၊ ဖြည့်စွက်ခြင်းနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ကိုယ်စားလှယ်များလိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကိုယ်စားလှယ်များက အထွေထွေဆွေးနွေးခြင်း၊ မေးခွန်းများမေးမြန်းခြင်းများအပေါ် တာဝန်ရှိသူများက ရှင်းလင်းပြည့်စုံစွာ ပြန်လည်ဖြေကြားခဲ့ကြကြောင်းသတင်းရရှိပါသည်။