(၁၄) ကြိမ်မြောက် အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာ သဘောတူ စာချုပ်နှင့်စပ်လျဉ်းသည့် မူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် တက်ရောက်
နေပြည်တော်၊ ဒီဇင်ဘာလ ၈ ရက်
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပပြုလုပ်သည့် (၁၄) ကြိမ်မြောက် အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူ စာချုပ်နှင့်စပ်လျဉ်းသည့် မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနှင်းနွယ်အေး တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်ပါ မူပိုင်ခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ မိမိတို့နိုင်ငံအသီးသီး၏ ကျင့်သုံးဆောင်ရွက်နေမှုများအပေါ် အခြေခံ၍ ဆွေးနွေးခြင်း၊ အဆိုပါ အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်အား အတည်ပြုပြီးပါက နိုင်ငံတွင်း စီးပွားရေးဖွံ့ဖြိးတိုးတက်ရေးတွင် အထောက်အပံ့ဖြစ်စေရန်နှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ တိုးတက်စေရန် ရည်ရွယ်၍ ဆွေးနွေးခြင်းများ ကို ပြုလုပ်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ကနေဒါနိုင်ငံမှ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဖိလစ်ပိုင်နိုင်ငံ၊ မူပိုင်ခွင့်ရုံးမှ တွဲဖက်ဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများရှိ မူပိုင်ခွင့်ရုံးများမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
