မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီအစည်းအဝေး (၅/၂၀၂၅) ကျင်းပ

နေပြည်တော်၊  အောက်တိုဘာလ ၂၃    

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် ရုံးအမှတ်- ၃၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ - ၂ (တိုးချဲ့အစည်းအဝေးခန်းမ) ၌ ကျင်းပ ပြုလုပ်ခဲ့သည့် မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီအစည်းအဝေး ၅/၂၀၂၅ သို့ မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီအတွင်းရေးမှူး၊ ဒေါက်တာမိုးမိုးသွယ် တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။

    မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီအတွင်းရေးမှူးက အဖွင့်အမှာစကားပြောကြားရာတွင် မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီနည်းဥပဒေ ၁၀ အရ အစည်းအဝေးများ ကျင်းပခဲ့ရာ မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီ အစည်းအဝေး (၅/ ၂၀၂၅) သို့ ရောက်ရှိခဲ့ပြီဖြစ်ပါကြောင်းနှင့် ပုံမှန်အစည်းအဝေးကို တစ်လလျှင်တစ်ကြိမ်ကျင်းပရမည်ဆိုသော်လည်း ယခုအချိန်တွင် အဆုံးအဖြတ်ပြုရမည့် ကိစ္စရပ်များနှင့် အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ရန် ကိစ္စရပ်များ မရှိပါသောကြောင့် သုံးလတစ်ကြိမ်ကျင်းပရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် တီထွင်မှုမူပိုင်ခွင့်ဥပဒေသည် ၂၀၂၄ ခုနှစ်၊ မေလ ၃၁ ရက် နေ့တွင် အာဏာတည်ခဲ့ပြီဖြစ်ပြီး တီထွင်မှုမူပိုင်ခွင့်နှင့် အသေးစားတီထွင်မှုမူပိုင်ခွင့်လျှောက်လွှာများကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် စတင်လက်ခံ၍ ပဏာမစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တိုးတက်ပြောင်းလဲနေသည့် ခေတ်မီနည်းပညာများစွာပါဝင်သော တီထွင်မှုမူပိုင်ခွင့်များကို အသေးစိတ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခြင်း မရှိသေးမီကာလအတွင်း မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အဖွဲ့ဝင်များအနေဖြင့် တင်ပြမည့်အမှာစာများအပေါ်တွင် ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်းပြောကြားခဲ့ ပါသည်။ ဆက်လက်၍ မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီသို့ တင်ပြသည့်အမှာစာများအား ဖတ်ကြားပြီး တက်ရောက်လာသည့် အေဂျင်စီအဖွဲ့ဝင်များမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် အေဂျင်စီအဖွဲ့ဝင်များ၊ မူပိုင်ခွင့်ပညာရှင်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြခဲ့ရာ မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီအတွင်းရေးမှူး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန ဒေါက်တာမိုးမိုးသွယ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး  နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။