အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာကိုယ်စားလှယ်သင်တန်း အမှတ်စဉ်(၂/၂၀၂၅) ဖွင့်လှစ်ကျင်းပ
နေပြည်တော်၊ စက်တင်ဘာလ ၈ ရက်
အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်းအမှတ်စဉ် (၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၌ Virtual စနစ်ဖြင့် ကျင်းပခဲ့ရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မူပိုင်ခွင့်ဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သူများ စုစုပေါင်း (၉၇) ဦး တက်ရောက်ကြသည်။
အဆိုပါသင်တန်းတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ ၂၀၁၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော မူပိုင်ခွင့်ဥပဒေ ၄ ရပ်လုံး အာဏာသက်ဝင်ခဲ့ပြီး မူပိုင်ခွင့်လျှောက်ထားခြင်းများကို အွန်လိုင်းမှသော်လည်းကောင်း၊ လျှောက်လွှာလက်ခံဌာနများတွင် လူကိုယ်တိုင်သော်လည်းကောင်း လက်ခံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မူပိုင်ခွင့်လျှောက်ထားချက်များကို စစ်ဆေးခြင်းလုပ်ငန်းစဉ်များဆောင်ရွက်လျက်ရှိပြီး လစဉ်စစ်ဆေးပြီးသောလျှောက်လွှာများကို ကန့်ကွက်နိုင်ကြောင်းထုတ်ပြန်ကြေညာခြင်း၊ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားရာတွင် ကိုယ်စားလှယ်များ သိရှိထားရမည့် အကြောင်းအရာများကို ဘာသာရပ်တာဝန်ခံများက ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ပြီး ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ နည်းဥပဒေတို့ နှင့်အညီ မှတ်ပုံတင် လျှောက်ထားခြင်းနှင့်စပ်လျဉ်းပြီး ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းသတ်မှတ်ချက်များ၊ အမှတ်တံဆိပ်မူပိုင်ခွင့်လျှောက်ထားရာတွင် လိုက်နာဆောင်ရွက်ရမည့်အကြောင်းအရာများ၊ မူပိုင်ခွင့်ဆိုင်ရာနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများနှင့် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်များအကြောင်း သိကောင်းစရာများ၊ အီလက်ထရောနစ်စနစ်ဖြင့် အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းအတွက် နည်းပညာပိုင်းဆိုင်ရာသိကောင်းစရာများ စသည့်သင်ခန်းစာများအား ပို့ချသင်ကြားသွားမည်ဖြစ်ပါကြောင်း၊ အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာကိုယ်စား လှယ်များအနေဖြင့် မူပိုင်ခွင့်မှတ်ပုံတင်လျှောက်ထားခြင်းများကို သိရှိနားလည်ထားမှသာ လျှောက်ထားရာတွင် အမှားနည်းစွာ ဆောင်ရွက်နိုင်မည့် အပြင် မိမိတို့ဦးစီးဌာနအနေဖြင့်လည်း မှတ်ပုံတင်လျှောက်လွှာများကို အချိန်နှင့်တပြေးညီ လျင်မြန်စွာစစ်ဆေးဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါ သည်။ အဆိုပါ အမှတ်တံဆိပ်မှတ်ပုံတင်ခြင်း ဆိုင်ရာကိုယ်စားလှယ်သင်တန်းကို စက်တင်ဘာလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ (၅)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။