(၁၂) ကြိမ်မြောက် အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှု သဘောတူစာချုပ် နှင့်စပ်လျဉ်းသည့် မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် တက်ရောက်
နေပြည်တော်၊ ဇူလိုင် ၂၃
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ မလေးရှားနိုင်ငံ၊ ပူထရာဂျာရာမြို့တွင် ကျင်းပသော(၁၂) ကြိမ်မြောက် အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်နှင့်စပ်လျဉ်းသည့် မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနှင်းနွယ်အေး တက်ရောက်လျက်ရှိပါသည်။
အဆိုပါအစည်းအဝေးကို အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူ စာချုပ်ပါ မူပိုင်ခွင့်ဆိုင်ရာပြဋ္ဌာန်းချက်များနှင့် ဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်များအား အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကျင့်သုံးဆောင်ရွက်နေသည့် ပြဋ္ဌာန်းချက်များအပေါ် အခြေခံ၍ ဆွေးနွေးနိုင်ရန်၊ အာဆီယံဒေသတွင်း မူပိုင်ခွင့်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ထည့်သွင်းလိုသည့် လုပ်ငန်းစဉ်များ၊ ဖော်ပြချက်များအား ဆွေးနွေးတင်ပြနိုင်ရန်နှင့် ကနေဒါနိုင်ငံနှင့် အာဆီယံဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် ချိတ်ဆက်မှုများ အားကောင်းလာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံမှတက်ရောက်သော ကိုယ်စားလှယ်အနေဖြင့် အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်အား အတည်ပြုပြီးပါက အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများနည်းတူ လိုက်ပါကျင့်သုံးနိုင်မည့် လုပ်ငန်းစဉ်များ၊ နိုင်ငံတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်စေမည့် နည်းလမ်းများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်စေနိုင်မည့် အကြောင်းအရာများကို မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းလျက်ရှိသည့် ဥပဒေ၊ နည်းဥပဒေများအပေါ် အခြေခံ၍ ဆွေးနွေးလျက်ရှိပါကြောင်း သတင်းရရှိပါသည်။