မြန်မာ-ထိုင်းနှစ်နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များအကြား B to B ပြောင်းအရောင်းအဝယ် နားလည်မှုဆိုင်ရာ သဘောတူစာချုပ်(MoU)လက်မှတ်ရေးထိုးနိုင်ခဲ့
ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့၊ Maekong Hotel ၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် မြန်မာ-ထိုင်းနှစ်နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များအကြား B to B ပြောင်းအရောင်းအဝယ်နားလည်မှု ဆိုင်ရာသဘောတူစာချုပ်(MoU)လက်မှတ်ရေးထိုးပွဲသို့ မြန်မာနိုင်ငံမှစီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တာချီလိတ်နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း၊ ဥက္ကဋ္ဌနှင့် ပြောင်းကုန်သည်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံဘက်မှ မယ်ဆိုင်မြို့နယ် အုပ်ချုပ်ရေးမှူး Mr. Warayut Kamboon၊ မယ်ဆိုင်အကောက်ခွန်နှင့် စစ်ဆေးရေးဦးစီးဌာန၊ တာဝန်ခံအရာရှိ၊ မယ်ဆိုင်မြို့နယ် ကုန်သည်လုပ်ငန်း ရှင်အသင်းဥက္ကဋ္ဌ Ms. Pakaimas VierraeSifh နှင့် ပြောင်းကုန်သည်လုပ်ငန်းရှင်များ စုစုပေါင်း(၄၇)ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ နားလည်မှုဆိုင်ရာသဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲတွင် မြန်မာနိုင်ငံမှ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ထိုင်း နိုင်ငံ၊ မယ်ဆိုင်မြို့နယ် အုပ်ချုပ်ရေးမှူးတို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြပြီး ပြောင်းအရောင်း အဝယ်နားလည်မှုဆိုင်ရာ သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ပြောင်းအရောင်းအဝယ်နားလည်မှုစာချွန်လွှာသဘောတူစာချုပ်(MoU)( ၄၃ )ခုကို လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခဲ့ပါသည်။ ပြောင်းအရောင်းအဝယ် နားလည်မှုဆိုင်ရာသဘောတူစာချုပ် (၄၃) ခုတွင် မြန်မာနိုင်ငံဘက်မှ ကုမ္ပဏီ (၂၃) ခု နှင့် ထိုင်းနိုင်ငံဘက်မှ ကုမ္ပဏီ (၉) ခုတို့ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး စုစုပေါင်း ပြောင်းတန်ချိန် ၂ သိန်းတိတိ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါသည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား Business to Bussiness ပြောင်း အရောင်းအဝယ် နားလည်မှု ဆိုင်ရာသဘောတူစာချုပ်လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြင့် ဈေးကွက်ခိုင်မာမှုရှိခြင်း၊ ဝယ်လိုအားများသည့် ကာလ၌ တစ်ဖက်နိုင်ငံဝယ်ယူသူများဘက်မှ ဈေးကစားမှုများ မဖြစ်ပေါ်လာနိုင်ခြင်း၊ ဈေးကွက် ဈေးနှုန်းမှန်ကန်စွာ ရရှိနိုင်ခြင်း၊ ကုန်သည်လုပ်ငန်းရှင်များအကြား အပြန်အလှန်လေးစားမှုနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိလာခြင်း၊ ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ခြင်းတို့ကို ရရှိစေပါသည်။
နိုင်ငံတော်အကြီးအကဲ၏ ပို့ကုန်နှစ်ဆတိုးမြှင့်တင်ပို့နိုင်ရေး လမ်းညွှန်ချက်အပေါ် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး၊ ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေး၊ တရားမဝင်ကုန်သွယ်မှု မရှိစေရေး၊ ကုန်သည်လုပ်ငန်းရှင်များ၏ ကုန်သွယ်မှုဆိုင်ရာအခက်အခဲများကို တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခြင်းဖြင့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးကို အထောက်အကူဖြစ်စေပါသည်။ နှစ်နိုင်ငံစီးပွားရေး လုပ်ငန်းရှင်များ အကြား တွေ့ဆုံပွဲများ၊ ဆွေးနွေးပွဲများ ပြုလုပ်ကျင်းပခြင်းဖြင့် နှစ်ဖက်စီးပွားရေး လုပ်ငန်းရှင်များ အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှုများ ပိုမိုတည်ဆောက်နိုင်ပြီး ကုန်သွယ်မှုကဏ္ဍ ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သုံးသပ်ရရှိပါသည်။