ရန်ကုန်နည်းပညာတက္ကသိုလ်ရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများအား မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကျင်းပ
နေပြည်တော်၊ ဇန်နဝါရီလ ၂၇ ရက်
တက္ကသိုလ်/ကောလိပ်များအတွက် မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်း၌ ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်နည်းပညာ တက္ကသိုလ်တွင် ကျင်းပခဲ့ရာ ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြင့်သိန်း က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်နည်းပညာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ/ဆရာမများ၊ မဟာဘွဲ့တက်ရောက်နေသော ကျောင်းသားကျောင်းသူများ၊ စုစုပေါင်း (၁၈၀)ဦး တက်ရောက်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်က အဖွင့်အမှာစကား ပြောကြားရာ၌ ကျောင်းသား/သူများအနေဖြင့် တီထွင်ဖန်တီးမှုများ ဖန်တီးလုပ်ဆောင်စေလိုပါကြောင်း၊ စာပေအနုပညာဖန်တီးမှုများအတွက် မူပိုင်ခွင့်ရရှိနိုင်ရန် ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း၊ ရန်ကုန်နည်းပညာတက္ကသိုလ်တွင် မဟာဘွဲ့နှင့်သုတေသန ဆောင်ရွက်လျက်ရှိသည့် ကျောင်းသား/သူများ အနေဖြင့်လည်း တီထွင်ဖန်တီးမှုများကို အရှိန် အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်စေလိုပါကြောင်း၊ မိမိတို့တက္ကသိုလ် အနေ ဖြင့်လည်း တီထွင်ဖန်တီးမှုများကို အဓိကအခန်းကဏ္ဍတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း တီထွင်ဖန်တီးမှုများရရှိလာသည်အထိ ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မူပိုင်ခွင့်၏အရေးပါပုံနှင့် အခြေခံသိကောင်းစရာများကိုလည်းကောင်း၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုအထောက် အကူပြုစင်တာ (TISC) လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးနှင့်စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာနွယ်ရီဝင်းက စာပေနှင့်အနုပညာဆိုင်ရာသိကောင်းစရာများနှင့် ဥပဒေ၊ နည်းဥပဒေတို့ကိုလည်းကောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဥပဒေ(၄)ရပ်၏ သမိုင်းကြောင်းနှင့် အရေးပါပုံတို့အား တက္ကသိုလ်ရှိ ဆရာ/ဆရာမများနှင့် ကျေင်းသားကျောင်းသူများ သိရှိနားလည်စေရန် ရှင်းလင်းဆွေးနွေးပြီး အဓိကအားဖြင့် သုတေသနဆောင်ရွက်လျက်ရှိသော ကျောင်းသား/သူများအတွက် တီထွင်မှုမူပိုင်ခွင့်၏ အခန်းကဏ္ဍတို့အား အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ထို့ပြင်သုတေသနစာတမ်းများဆောင်ရွက်လျက်ရှိသည့် ကျောင်းသား/ သူများ အနေဖြင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများ၊ ဆောင်ရန်ရှောင်ရန်များ နှင့် ပြစ်မှုပြစ်ဒဏ်များ၊ တက္ကသိုလ်၏ သုတေသနလုပ်ငန်းများကို အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပြီး သုတေသနလုပ်ငန်းများ ပိုမိုတိုးတက်လာနိုင်ရေး၊ သုတေသနလုပ်ငန်းများမှတစ်ဆင့် အများပြည်သူအသုံးပြုနိုင်သော နည်းပညာများ ပေါ်ထွန်းလာစေရေးတို့အတွက် အရေးပါပုံနှင့် ဆောင်ရွက်နိုင်မည့် နည်းလမ်းတို့ကို ဟောပြောဆွေးနွေးခဲ့ကာ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။