ကမ္ဘာလုံးဆိုင်ရာတီထွင်ဆန်းသစ်မှု အညွှန်းကိန်း Global Innovation Index (GII) တိုးမြှင့်နိုင်ရေးနှင့် တီထွင်မှုမူပိုင်ခွင့်နှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ဇန်နဝါရီလ ၂၃ ရက်

   တီထွင်မှုမူပိုင်ခွင့်နှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများမှ ပညာရှင်များအား နယ်ပယ်အလိုက် ဖိတ်ကြားဆွေးနွေး၍ လိုအပ်သည်များကို ဆက်သွယ်ဆောင်ရွက်နိုင်ရန်နှင့်အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာ မဟာဗျူဟာပါ လုပ်ငန်းစဉ်အရ ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့မှ နှစ်စဉ်စာရင်းပြုစုသော တီထွင်ဆန်းသစ်မှုကို တိုင်းတာသည့် ကမ္ဘာလုံးဆိုင်ရာ တီထွင်ဆန်းသစ်မှု အညွှန်းကိန်း Global Innovation Index (GII) ပါ နိုင်ငံတော်၏ အညွှန်းကိန်းများ တိုးမြှင့်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့၊ ၁၄:၀၀ နာရီအချိန်၌ ရုံးအမှတ် (၅၂)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် “ကမ္ဘာလုံးဆိုင်ရာ တီထွင်ဆန်းသစ်မှု အညွှန်းကိန်း Global Innovation Index (GII) တိုးမြှင့်နိုင်ရေးနှင့် တီထွင်မှု မူပိုင်ခွင့်နှင့်စပ်လျဉ်း၍ ပူးပေါင်း ဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ” ကို Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် က အလုပ်ရုံဆွေးနွေးပွဲကျင်းပရသည့် ရည်ရွယ်ချက်များ၊ တီထွင်မှုမူပိုင်ခွင့်နှင့်စပ်လျဉ်းသည့် သိကောင်းစရာများ၊ တီထွင်မှုမူပိုင်ခွင့်လျှောက်ထားခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ရေး လုပ်ထုံးလုပ်နည်းများ ၊ ကမ္ဘာလုံးဆိုင်ရာ တီထွင်ဆန်းသစ်မှု အညွှန်းကိန်း (GII) တိုးမြှင့်ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များ၊ တီထွင်ဆန်းသစ်မှုများ တိုးမြှင့် ဆောင်ရွက်သွားနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံအနေ ဖြင့် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်အထိ တစ်နှစ်ချင်းတွင် ကမ္ဘာလုံးဆိုင်ရာ တီထွင်ဆန်းသစ်မှု အညွှန်းကိန်းနှင့်စပ်လျဉ်း၍ ရရှိနေသော  အဆင့်အခြေအနေများ၊ ကမ္ဘာလုံးဆိုင်ရာ တီထွင်ဆန်းသစ်မှု အညွှန်း ကိန်းနှင့်စပ်လျဉ်းသည့် အဖွဲ့အစည်းများ၊ လူ့စွမ်းအားအရင်းအမြစ်နှင့်သုတေသနဆိုင်ရာကိစ္စ ရပ်များ၊ လိုအပ်သည့် အခြေခံအဆောက်အဦများ၊ ခေတ်နှင့်အညီ လိုက်လျောညီထွေမှုရှိသည့် ဈေးကွက်နှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ တီထွင်ဆန်းသစ်မှုနှင့်စပ်လျဉ်းသည့် စိန်ခေါ်မှုများ စသည့် အကြောင်းအရာများကို တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ကိုယ်စားလှယ်များမှ ဆွေးနွေးဖလှယ်မှုများ ပြုလုပ်ခဲ့ကြပါသည်။

   အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ သက်ဆိုင်ရာဌာနများနှင့်နယ်ပယ်အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ပညာရှင်များနှင့် တာဝန်ရှိသူများ စုစုပေါင်းကိုယ်စားလှယ် (၃၀)ဦးတက်ရောက်ပါကြောင်း သတင်းရရှိသည်။