အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်)‌ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များအတွက် မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ဇန်နဝါရီလ ၁၃ ရက်
   အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်)‌ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ရည်ရွယ်၍ ကျင်းပသည့် မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၃ ရက်နေ့၊  နေ့လယ် ၁၃း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့် ဦးစီးဌာန၊ ရုံးအမှတ် (၅၂)၊ အစည်းအဝေးခန်းမ၌  Virtual  စနစ်ဖြင့် ကျင်းပခဲ့ရာ အဆိုပါဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ တာဝန် ရှိသူများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်)မှ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၃၀၀)ဦး တက်ရောက်ခဲ့ကြပါသည်။
   အဆိုပါ ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌  မြန်မာနိုင်ငံ၏ မူပိုင်ခွင့်စနစ်ဖွံ့ဖြိုးတိုးတက်ရန်နှင့် တီထွင်ဆန်းသစ်မှုနှင့်ဖန်တီးမှုများကို မြင့်မားတိုးတက်စေရန်အတွက် နည်းပညာတက္ကသိုလ်၊ တက္ကသိုလ်၊ ကောလိပ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် အရေးပါသောကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာမဟာဗျူဟာပါလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မူပိုင်ခွင့်အသိပညာများ၊ အကျိုးကျေးဇူးများနှင့် မူပိုင်ခွင့်ဥပဒေ၊ နည်းဥပဒေများကို အများပြည်သူများ လိုက်နာကျင့်သုံးရန်နှင့် မူပိုင်ခွင့်၏ အနှစ်သာရ၊ အကျိုး ကျေးဇူးများကို သိရှိထားရန် လိုအပ်မည်ဖြစ်ပြီး မူပိုင်ခွင့်ဥပဒေမှ ပေးအပ်သည့်အခွင့်အရေးနှင့် ရပိုင်ခွင့်များနှင့် သတ်မှတ်ချက်များကို သိရှိထားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်၊ သုတေသနလုပ်ငန်းများမှ ဖန်တီးထုတ်လုပ်လိုက်သည့် ဆန်းသစ်တီထွင်မှုများကို ဈေးကွက်တွင်း မပို့မီ တီထွင်မှု မူပိုင်ခွင့်တင်ထားမှသာ အကာအကွယ်ရယူနိုင်မည်ဖြစ်ပါကြောင်း၊ တီထွင်မှုမူပိုင်ခွင့်ပိုင်ရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ ထုတ်ကုန်များစဉ်ဆက်မပြတ် ပေါ်ထွန်းလာနိုင်ရန် သုတေသနနှင့် တီထွင်ဆန်းသစ်မှု အဖွဲ့အစည်းများတွင် ရင်းနှီးမြှပ်နှံခြင်းဖြင့် သုတေသနကဏ္ဍသည် မူပိုင်ခွင့်စနစ် အတွက်သာမက စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ 
   ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က မူပိုင်ခွင့်၏အရေးပါပုံနှင့်စပ်လျဉ်း ၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာပွင့်ဖြိုးဝင်းက မူပိုင်ခွင့်အကြောင်းသိကောင်းစရာများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကာ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။