တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး လုပ်ငန်းရှင်များအတွက် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၂၇

စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၇ ရက်နေ့၊  နံနက် ၁၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ် (၅၂)၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

‌အဆိုပါ ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ စက်မှု ဒီဇိုင်းမူပိုင်ခွင့်နှင့်စပ်လျဉ်းပြီး စက်မှုဒီဇိုင်းမူပိုင်ခွင့်ရယူလိုပါက မှတ်ပုံတင်လျှောက်ထားနိုင်မည့် နည်းလမ်းများ၊ ကန့်သတ်ချက်များ၊ စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများကို အများ ပြည်သူသိရှိစေရန်အတွက် ရည်ရွယ်၍ကျင်းပရခြင်းဖြစ်ပါကြောင်း၊  စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ တွင် အာဏာတည်ခဲ့ပြီးဖြစ်ပါကြောင်း၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ နည်းဥပဒေများကို အများပြည်သူ များ လိုက်နာကျင့်သုံးရန်နှင့် မူပိုင်ခွင့်၏ အနှစ်သာရ၊ အကျိုးကျေးဇူးများကို သိရှိထားရန် လိုအပ် မည်ဖြစ်ပြီး မူပိုင်ခွင့်ဥပဒေမှ ပေးအပ်သည့်အခွင့်အရေးနှင့် ရပိုင်ခွင့်များနှင့် သတ်မှတ်ချက်များကို သိရှိထားရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ခေတ်မီဆန်းသစ်လှပသော စက်မှုဒီဇိုင်း ထုတ်ကုန်များသည် အများပြည်သူကို ပိုမိုဆွဲဆောင်နိုင်ခြင်း၊ ဈေးကွက်တွင် အခြားထုတ်ကုန်များထက် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားခြင်း၊ စီးပွားရေး လုပ်ငန်းများအနေဖြင့် အဓိကကျသည့် အခန်းကဏ္ဍတွင် တည်ရှိနေပြီး လုပ်ငန်းရှင်များအနေဖြင့်  မိမိတို့၏ ဒီဇိုင်းများကို အကာအကွယ်ရယူထားရန် အရေးကြီးပါကြောင်း၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ အကျိုးဆောင်ကိုယ်စားလှယ်များ၊ ဒီဇိုင်းဖန်တီးသူများအနေဖြင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ နည်းဥပဒေပါ ဖော်ပြချက်များကို သိရှိထားရန်လိုအပ်မည်ဖြစ်ပြီး၊ ကိုယ်တိုင် ဖန်တီးပြုလုပ်ထားသည့် ဒီဇိုင်းများကို ပုံတူကူးချခြင်း၊ အတုအပပြုလုပ်ခြင်း၊ ရောင်းချခြင်း၊ မိမိ ပစ္စည်းများကို ပုံစံတူအရည်အသွေးညံ့ ပစ္စည်းများထုတ်လုပ်ပြီး ထင်ယောင်ထင်မှားပြုလုပ်ခြင်းများ ကို စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ နည်းဥပဒေများနှင့် ကာကွယ်တားဆီးနိုင်မည်ဖြစ်ပါကြောင်း၊ စက်မှု ဒီဇိုင်းမူပိုင်ခွင့်ဥပဒေ ချိုးဖောက်သူများကို ဥပဒေအရ ထိထိရောက်ရောက်အရေးယူနိုင်မည်ဖြစ်ပြီး၊ ဖန်တီးသူများအနေဖြင့် စီးပွားရေးဆိုင်ရာအကျိုးအမြတ်များရရှိစေရုံသာမက နိုင်ငံ၏ စက်မှုလက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဌာနခွဲမှ ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်စန္ဒာဝင်းက စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိင်္ဂီဝင်းလွင်က အာဆီယံနိုင်ငံများ၏ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာဆောင်ရွက်မှု များနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ အသိပညာပေးဆွေးနွေးပွဲ သို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး၊ ဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ်များ၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း(၇၅)ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။