တက္ကသိုလ်များနှင့် ကောလိပ်များမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ
နေပြည်တော် ၊ ဒီဇင်ဘာလ ၁၈
ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များနှင့် ကောလိပ်များမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အတွက် စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀:၃၀ နာရီအချိန်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၅၂)၊ အစည်းအဝေး ခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း တက္ကသိုလ်နှင့် ကောလိပ်များမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၁၀) ဦးခန့် တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားရာ၌ ၂၀၁၉ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် အာဏာသက်ဝင်ခဲ့ပြီး စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်လျှောက်ထားခြင်းများကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်နေ့မှစတင်၍ လက်ခံ ဆောင်ရွက်ခဲ့ပါကြောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေပြဋ္ဌာန်းခြင်းဖြင့် စာပေနှင့်အနုပညာ ဖန်တီးသူ များ၏ စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့် ဆက်နွှယ်သည့်အခွင့်အရေးများကို ကာကွယ် စောင့်ရှောက် ပေးခြင်းမှ လူသားတို့၏ ဖန်တီးနိုင်စွမ်းအားကို မြှင့်တင်ပေးနိုင်မှာ ဖြစ်သည့်အပြင် အရည် အသွေးရှိသော စာပေနှင့်အနုပညာဖန်တီးမှုများ တိုးတက်လာခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု တိုးတက်ရေးကို အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း၊ စာပေနှင့် အနုပညာမူပိုင်ခွင့်သည် မဖြစ်မနေ မှတ်ပုံတင်ရန် မလိုအပ်ဘဲ မှတ်ပုံတင်သည်ဖြစ်စေ၊ မတင် သည်ဖြစ်စေ ဥပဒေပါ အခွင့်အရေးများအား ခံစားခွင့်ရှိမည်ဖြစ်ကြောင်း၊ မှတ်ပုံတင် ထားရှိပါက စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့် စပ်လျဉ်းသည့် အငြင်းပွားမှုများဖြစ်လျှင် ခိုင်လုံသည့် သက်သေ အထောက်အထားအဖြစ် တင်ပြနိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ နွယ်ရီဝင်းက စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာ သိကောင်းစရာ များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသူများက သိရှိ လိုသည်များကို မေးမြန်းခြင်းများအပေါ် သက်ဆိုင်ရာဘာသာရပ်တာဝန်ခံက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။