“(၇၄)ကြိမ်မြောက် အာဆီယံမူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး” သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် တက်ရောက်
နေပြည်တော်၊ ဒီဇင်ဘာလ ၁၇
လာအိုနိုင်ငံ၊ လွန်ပရာဘန်မြို့တွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် “(၇၄)ကြိမ်မြောက် အာဆီယံမူပိုင်ခွင့်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး (74th ASEAN Working Group on Intellectual Property Cooperation -AWGIPC) သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် တက်ရောက်လျက်ရှိပါသည်။
အာဆီယံဒေသတွင်းနိုင်ငံများအကြား မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းသော ရပ်တည်ချက်များ၊ တွေ့ကြုံရင်ဆိုင်နေရသည့် အခက်အခဲများ၊ လိုအပ်ချက်များ၊ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်နိုင်ရေးကိစ္စရပ်များ၊ လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ ၂၀၁၆-၂၀၂၅ အာဆီယံဒေသတွင်း မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းစီမံချက်အား အကောင်အထည်ဖော်မှုအခြေအနေများ၊ ၂၀၂၅ ခုနှစ်အတွင်း ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ သတ်မှတ်ထားရှိမှု အခြေအနေများ၊ ၂၀၂၅ အလွန် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ ပြုစုခြင်းဆိုင်ရာ ကိစ္စရပ်များအား အာဆီယံဒေသတွင်းမူပိုင်ခွင့်ရုံးများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ အကြီးအကဲများ တွေ့ဆုံဆွေးနွေးနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။
အဆိုပါအစည်းအဝေးနှင့်အတူ မူပိုင်ခွင့်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြသည့် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (World Intellectual Property Organization - WIPO) ၊ ဥရောသမဂ္ဂမူပိုင်ခွင့်ရုံး (European Union Intellectual Property Office – EUIPO) တို့နှင့် အာဆီယံဒေသတွင်း မူပိုင်ခွင့်ရုံးများမှ ဌာနကြီးမှူးများတွေ့ဆုံသည့် မူပိုင်ခွင့်ဆိုင်ရာအစည်းအဝေးများကိုလည်း ပူးတွဲကျင်းပလျက်ရှိပါကြောင်း သတင်းရရှိပါသည်။