ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်များအကြောင်း သိကောင်းစရာသင်တန်း (သတင်းအပြည့်အစုံ)

ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်များအကြောင်း သိကောင်းစရာသင်တန်း

(သတင်းအပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။         အဆိုပါ စီမံချက်အရ ကုန်သွယ်ရေးဦးစီးဌာန၊ ဌာနခွဲများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းများအား ပုံမှန်ဆန်းစစ်ခြင်း လုပ်ငန်းစဉ်မှတစ်ဆင့် အဖွဲ့ဝင်များ၏ ကုန်သွယ်မှု မူဝါဒများနှင့် အလေ့အထများအား ပွင့်လင်းမြင်သာရှိမှုနှင့် နားလည်စေမှုတို့ကို တိုးမြှင့်စေရန်၊ ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များအပေါ် အများပြည်သူနှင့် အစိုးရအချင်းချင်း ဆွေးနွေးခြင်းဆိုင်ရာ အရည်အသွေးများတိုးတက်လာစေရန်နှင့် ကမ္ဘာ့ကုန်သွယ်မှုစနစ်အပေါ် အဖွဲ့ဝင်များ၏ မူဝါဒများက သက် ရောက်မှုကို ဆန်းစစ်နိုင်သည့် ဘက်ပေါင်းစုံပါဝင်သည့် အကဲဖြတ်မှုကို လုပ်ဆောင်နိုင်ရန်အတွက် ရည်ရွယ်၍ “ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်များအကြောင်း  သိကောင်းစရာသင်တန်း” ကို ဖွင့်လှစ်ရခြင်း ဖြစ်ပါသည်။

၃။         “ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်များအကြောင်း သိကောင်းစရာသင်တန်း” ကို ၂၀၂၄ ခုနှစ်၊  အောက်တိုဘာလ (၁၀) ရက်နေ့မှ (၁၁) ရက်နေ့ထိ နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီထိ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဌာနခွဲအနီးရှိ သင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။

၄။         အဆိုပါသင်တန်းကို သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်လျက်ရှိပြီး သင်တန်း နည်းပြအဖြစ် WTOနှင့်အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုနှင့်ဆက်နွယ်နေသောအဖွဲ့အစည်းများဌာနခွဲ၊   လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်မြတ်မြတ်ခိုင် က သင်ခန်းစာများကို ပို့ချပေးခဲ့ပါသည်။ အဆိုပါ သင်တန်းကို သင်တန်းသား ၊ သင်တန်းသူ စုစုပေါင်း (၂၄) ဦးတို့ တက်ရောက်ခဲ့ပါသည်။