(၈) ကြိမ်မြောက် အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ်များနှင့် စပ်လျဉ်းသည့် မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေးသို့ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခြင်း

နေပြည်တော်၊ အောက်တိုဘာလ ၇

   ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပသော (၈) ကြိမ်မြောက် အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ်များနှင့်စပ်လျဉ်းသည့် မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေးသို့ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့သည်။

   အဆိုပါ မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေးသည် အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ်နှင့်စပ်လျဉ်း၍  မူပိုင်ခွင့်ကဏ္ဍတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဒေသတွင်းကွန်ရက် ချိတ်ဆက်မှုအားကောင်းစေမည့်နည်းလမ်းများ၊ နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်အား အတည်ပြုပြီးပါက အခြားသော အဖွဲ့ဝင်နိုင်ငံများနည်းတူ လိုက်ပါကျင့်သုံးနိုင်မည့် နည်းလမ်းများ၊ နိုင်ငံတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အပံ့ဖြစ်စေနိုင်မည့် နည်းလမ်းများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်စေနိုင်သည့် နည်းလမ်းများဆွေးနွေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။

   မြန်မာနိုင်ငံမှ တက်ရောက်သော ကိုယ်စားလှယ်များအနေဖြင့် အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ်နှင့်စပ်လျဉ်းသည့်  မူပိုင်ခွင့်ကဏ္ဍတွင် ကနေဒါနိုင်ငံ၏ အဆိုပြုမှုများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အဆိုပြုမှုများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံရှိ မူပိုင်ခွင့် ဥပဒေများ၊ နည်းဥပဒေများအရကျင့်သုံးနေမှု အခြေအနေများအပေါ် အခြေခံ၍ ဆွေးနွေးလျက်ရှိပါကြောင်း သတင်းရရှိပါသည်။