ယှဉ်ပြိုင်မှုဥပဒေပြဌာန်းချက်များအပေါ် သုံးသပ်ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်

၁။         မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများအကြား ယှဉ်ပြိုင်မှု ဥပဒေပြဌာန်းချက်များအပေါ် သုံးသပ်ညှိနှိုင်းသည့် အစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲတွင် (၄-၂-၂၀၂၁) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ  Zoom Application အသုံးပြု၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။          အစည်းအဝေးကို မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌက ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပြီး ယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ယှဉ်ပြိုင်မှု ဥပဒေပြဌာန်းချက်များအပေါ် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကြုံတွေ့ နေရသည့်အခက်အခဲများကိုဖော်ထုတ်၍ ပြင်ဆင်ဖြည့်စွက်လိုသည့်အချက်များအား ဥပဒေပုဒ်မ တစ်ခုချင်းအလိုက် သုံးသပ်ဆွေးနွေးရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။

၃။          အစည်းအဝေးတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုဥပဒေနှင့်အညီ လက်ရှိဆောင်ရွက်နေသည့် အမှုကိစ္စများနှင့်စပ်လျဉ်း၍ ကြုံတွေ့နေရသည့်အခက်အခဲများနှင့် ကြုံတွေ့လာနိုင်မည့် အခက်အခဲ များကို   နိုင်ငံတကာယှဉ်ပြိုင်မှုကော်မရှင်များ၏ ပြဌာန်းချက်၊ ဆောင်ရွက်ချက်တို့နှင့် နှိုင်းယှဉ် သုံးသပ်ဆွေးနွေးခဲ့ပါသည်။