သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၌ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအသိပညာပေး ဟောပြောပွဲ ကျင်းပ
စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအသိပညာပေးဟောပြောပွဲဖွင့်ပွဲအခမ်းအနားတွင် သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)မှ ညွှန်ကြားရေးမှူးချုပ်ဦးလှိုင်ဝင်းမောင် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ ထွက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် စတင်အာဏာတည်ခဲ့ပါကြောင်း၊ ဥပဒေပြဋ္ဌာန်းချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေလိုပါကြောင်း၊ အမျိုးသားစာကြည့်တိုက်အနေဖြင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ ပါပြဋ္ဌာန်းချက်များကို မဆန့်ကျင်ဘဲ စာကြည့်တိုက်ရှိ စုဆောင်းပြီး စာပေနှင့်အနုပညာလက်ရာများ ဖြင့် အများပြည်သူကို ဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း၊ စာကြည့်တိုက်များအတွက်သာမက စာပေအနုပညာနှင့်သက်ဆိုင်သည့် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များအနေဖြင့် စာပေနှင့်အနုပညာမူပိုင်ခွင့် နှင့်ဆက်နွှယ်သည့်အခွင့်အရေးများ၊ စီမံခန့်ခွဲမှုဆိုင်ရာများကို ပိုမိုနားလည်စေရန်နှင့် ဥပဒေပါ ဖော်ပြချက်များ၊ ကန့်သတ်ချက်များ၊ ကင်းလွတ်ချက်များဆိုင်ရာ အသိပညာများ တိုးပွားလာစေရန် နှင့်အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာနွယ်ရီဝင်းက မူပိုင်ခွင့်ဆိုင်ရာသိကောင်းစရာများနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ အကြောင်း အသေးစိတ် ဆွေးနွေးဟောပြောခဲ့ပါသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပါသည်။ အဆိုပါအခမ်း အနားသို့ အမျိုးသားစာကြည့်တိုက်(ရန်ကုန်) နှင့်သက်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ် စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။