ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးတွင် မူပိုင်ခွင့်ဆိုင်ရာအသိပညာပြန့်ပွားရေး အသိ ပညာပေးဟောပြောပွဲကို မူပိုင်ခွင့်ဦးစီးဌာနမှ တာဝန်ရှိသူက သွားရောက်ဟောပြောဆွေးနွေးခဲ့

နေပြည်တော်၊ ဇန်နဝါရီလ ၁၇ ရက်
   တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနက ဦးစီးကျင်းပသည့် မူပိုင်ခွင့်ဆိုင်ရာအသိပညာပြန့်ပွားရေး အသိပညာပေးဟောပြောပွဲကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့အချိန်၌ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံးတွင် ကျင်းပခဲ့ရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး၊ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီအဖွဲ့ဝင်များ၊ မူပိုင်ခွင့်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
   အဆိုပါအခမ်းအနားတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက မူပိုင်ခွင့်နှင့်စပ်လျဉ်း၍ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေနှင့် တီထွင်မှုမူပိုင်ခွင့်ဥပဒေ (၄) ရပ်ရှိပါကြောင်းနှင့် ယခုအခမ်းအနားမှရရှိသည့် အသိပညာဗဟုသုတများကို ဖြန့်ဝေသွားကြရန်တိုက်တွန်းလိုပါကြောင်းပြောကြားခဲ့သည်။
   ဆက်လက်ပြီး တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက တိုင်းရင်းသားလူမျိုးများ၏ စာပေနှင့်အနုပညာမူပိုင်ခွင့်များကို ထိမ်းသိမ်းစောင့်ရှောက်ပြီး ဖော်ထုတ်မြှင့်တင်နိုင်ရေးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာနွယ်ရီဝင်းက စာပေနှင်အနုပညာမူပိုင်ခွင့်အကြောင်း သိကောင်းစရာများနှင့်စပ်လျဉ်း၍လည်ကောင်း၊ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ အဖွဲ့ဝင် ဦးသန်းမောင်က တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာဥပဒေရေးရာများနှင့်စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးဟောပြောခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိလိုသည်များ မေးမြန်းခြင်းများအပေါ် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။