တရုတ်နိုင်ငံကကြီးမှူး၍ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့ မှ ၂၆ ရက်နေ့အထိ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး TFTI အဖွဲ့ဝင်ဖြစ်သည့် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဂျီအမ်အက်စ်တာဝန်ခံ ညွှန်ကြားရေးမှူး ဒေါ်ဝင်းမင်းဖြိုးတို့ အွန်လိုင်း (Online) ဖြင့် ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးအား တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကိုယ်စားလှယ်မှ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ အာရှဖွံ့ဖြိုးရေးဘဏ် (Asia Development Bank-ADB) မှ ပူးတွဲဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ယူဆောင်ရွက်ခဲ့ပြီး၊ မြန်မာနိုင်ငံမှအပ ကျန်ဂျီအမ်အက်စ်အဖွဲ့ဝင်နိုင်ငံများက TFTI အဖွဲ့ဝင်များသည် In person + Online ဖြင့် ပါဝင်တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ TFTI အဖွဲ့ဝင်များက Online ဖြင့် ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင် TFTI ၏ လုပ်ငန်းအစီအစဉ်များအား ဆက်လက်အတည်ပြုရန်နှင့် “ဒီဂျစ်တယ်ထောက်ပံ့မှုကွင်းဆက် (Digital Supply Chains) နှင့်စပ်လျဉ်းသည့် သဘောထားအမြင်များအား ရှင်းလင်းရန်၊ TOR ၏ မဏ္ဍိုင် (၃) ခုမှတစ်ဆင့် လုပ်ငန်းအစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေးရန်၊ ဒီဂျစ်တယ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကဲ့သို့ အခြားဂျီအမ်အက်စ် ဦးဆောင်ဦးရွက်ပြုမှုများနှင့် လုပ်ငန်းအဖွဲ့များအား ပူးပေါင်းဆောင်ရွက်ရေးအတွက် အခွင့်အလမ်းများကို ဆွေးနွေးဖော်ထုတ်ရန်၊ စွမ်းဆောင်ရည် တည်ဆောက်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်းသည့်အကြောင်းအရာများနှင့် လုပ်ငန်းအစီအစဉ်များအား ဆွေးနွေးရန်နှင့် TFTI ၏ စောင့်ကြည့် စစ်ဆေးရေးမူဘောင်တစ်ခု သဘောတူညီရန်စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။
TFTI လုပ်ငန်းအဖွဲ့သည် ၂၀၂၃ - ၂၀၂၄ (၂) နှစ်တာ ကာလအတွင်း ဆောင်ရွက်မည့် Scoping Study နှင့် Digital Strategy ရေးဆွဲခြင်းတို့တွင် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး၊ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးစင်္ကြံ အသုံးပြုမှုများအပိုင်းတွင် လက်ရှိဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ ဝန်ကြီးဌာနများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။