သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးနိုင်သည့် ကားအမျိုးအစားများအားတင်သွင်းရာတွင် အခွန်ရာခိုင်နှုန်းများစွာလျှော့ချပေးရန်လိုအပ်သည်ဟုဆို

Wed, 01/21/2015 - 10:33 -- admin_ygn

   မြန်မာ့ကားဈေးကွက်တွင် ကားအမျိုးအစားအမျိုးမျိုးကိုတင်သွင်းလျက်ရှိရာတွင် အိမ်စီးကားများ၏ ၈၀ ရာခိုင်နှုန်းမှာ ဓာတ်ဆီအင်ဂျင်သုံးကားများဖြစ်ပြီး ၁၈ရာခိုင်နှုန်းမှာ  ဒီဇယ် အင်ဂျင် သုံးကားများဖြစ်ကြောင်း၊ သဘာဝဓာတ်ငွေ့သုံးအင်ဂျင်ကားများနှင့် Hybrid သုံးအင်ဂျင်ကားများမှာတစ်ရာခိုင်နှုန်းသာရှိကြောင်း Motor.com.mm ၏ စစ်တမ်းကောက် ယူမှုများအရ သိရသည်။
   ရောင်းချမည့်လုပ်ငန်းသုံး မော်တော်ယာဉ်များတွင်မူ ၇၉ ရာခိုင်နှုန်းက ဒီဇယ်အင်ဂျင်သုံးကားများဖြစ်ပြီး ၂၀ ရာခိုင်နှုန်းမှာ ဓာတ်ဆီအင်ဂျင်သုံးကားများဖြစ်ကြောင်းသိရသည်။ သဘာဝဓာတ်ငွေ့သုံးအင်ဂျင်ကားများမှာ ဈေးကွက်အတွင်း တစ်ရာခိုင်နှုန်းကိုရရှိထားကြောင်းတွေ့ရသည်။
  ယခုအခါတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုဦးစားပေးလုပ်ဆောင်လျက်ရှိရာ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေမည့် ကားများတင်သွင်းခြင်းထက် ကာဗွန်ဒိုင်အောက် ဆိုဒ်ထုတ်လွှတ်မှုနည်းပါးသည့်ကားများကို တင်သွင်းခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းရမည်ဖြစ်သည်ဟုဆိုသည်။
   မြန်မာ့ကားဈေးကွက်အတွင်း Hybrid ကားများတင်သွင်းမှုနှင့်ပတ်သက်၍  Motor.com.mm ၏ Country Manger ဖြစ်သူ Ms. Rianne Roggema က ''Hybrid ကားတွေ ဟာ ကမ္ဘာကြီးပူနွေးလာစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းပါးပါတယ်။  မြန်မာနိုင်ငံဟာ အရင်တုန်းကလိုမဟုတ်ဘဲ ရာသီဥတုဖောက်ပြန်မှုတွေ ဒီနှစ် ပိုင်းမှာ တော်တော်များလာတာကိုတွေ့ရပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ သစ်တောပြုန်းတီးမှုတွေကို တစ်ဖက်တစ်လမ်းကနေ ကာကွယ်ပေးနိုင်ဖို့ Hybrid ကား တင်သွင်းမှုအပေါ် ပံ့ပိုးပေးသင့်ပါတယ်။ Hybrid ကားအသစ်တွေကို တင်သွင်းတဲ့အခါမှာ အခွန်ရာခိုင်နှုန်းများစွာ လျှော့ပေးတာမျိုးတွေကိုပြုလုပ်ပေးသင့်သလို Hybrid ကားတွေ ရဲ့ အဓိကအခက်အခဲဖြစ်တဲ့ ဘက်ထရီလဲလှယ်မှုစတဲ့ အပိုပစ္စည်းရရှိနိုင်မှုအခြေအနေတွေကိုပါ အပြည့်အဝပံ့ပိုးသင့်ပါတယ်''ဟု သုံးသပ်ပြောကြားခဲ့သည်။
   သဘာဝပတ်ဝန်းကျင်ကို တစ်ဖက်တစ်လမ်းမှ ထိန်းသိမ်းပေးနိုင်သည့် Hybrid ကားအမျိုးအစားများ ထုတ်လုပ်မှုကို  ကမ္ဘာ့နိုင်ငံအသီးသီးကကူညီပံ့ပိုးပေးနေပြီး ကားကုမ္ပဏီ များကလည်း Hybrid ကားများကို ထုတ်လုပ်လျက်ရှိသည်။
   စတင်ထုတ်လုပ်သည်မှ ၂၀၁၄ ခုနှစ် အောက်တိုဘာလ အထိ ကမ္ဘာတစ်ဝန်းတွင် Hybrid ကားအစီးရေ ကိုးသန်းကျော်ရောင်းချခဲ့ပြီး ၂၀၁၄ ခုနှစ် တစ်နှစ်အတွင်း Hybrid ကားအစီးရေခြောက်သိန်းကျော်ရောင်းချခဲ့ရကြောင်းသိရသည်။

မယ်သီတာ

Local Trade News

Pages