ဘယ်လိုလဲ ကြက်သွန်နီ

Mon, 09/25/2017 - 05:29 -- admin_ygn

      မြန်မာ့မီးဖိုချောင်တွင် ကြက်သွန်နီသည်မပါမပြီးသော စား သောက်ကုန်တစ်မျိုးဖြစ်ပါသည်။ မြန်မာ့ဟင်းလျာတွင် ကြက်သွန်နီ ကို အစဉ်အမြဲ ထည့်သွင်းချက်ပြုတ်ကြပါသည်။  သို့ဖြစ်၍မြန်မာ့ အစားအစာ၏ အခြေခံ စားကုန် ၉)မျိုး တွင် ကြက်သွန်နီသည် စားဖို ဆောင်သီးနှံအဖြစ် ပါဝင်ပါသည်။ ကြက်သွန်နီကိုအချို့နိုင်ငံများ တွင်သစ်သီးဝလံဟင်းသီး ဟင်းရွက်အုပ်စုတွင် ထည့်သွင်းတတ်ပါသည်။ ၂၀၁၀ ခုနှစ်မတိုင်မီ တပ်မတော်အစိုးရ လက်ထက် တွင် ကြက်သွန်နီ ကို ပြည်တွင်းဖူလုံမှသာ ပြည်ပတင်ပို့ရန် ကန့်သတ်ခဲ့သဖြင့် ကြက်သွန်နီပြည်ပတင်ပို့မှုနည်းပါးခဲ့ပြီး မြေလွတ်မြေရိုင်းများတွင် တိုးချဲ့ စိုက်ပျိုးမှုကိုသာ တင်ပို့ခွင့်ပြုခဲ့သဖြင့် ပြည်ပတင်ပို့သူများကSupply Chain တစ်ခုလုံး ပါဝင်ဆောင်ရွက်လာ ကြပါသည်။ ၂၀၁၁ ခုနှစ်တွင် ရွေးချယ်တင်မြှောက်ထားသော ဒီမိုကရေစီ အစိုးရလက်ထက် မှစ၍ လွတ်လပ်စွာ တင်ပို့ခွင့်ပြုခဲ့ပါသည်။ထိုအချိန်မှစ၍ ကြက်သွန်နီ ကို တိုးတက်တင်ပို့လျက် ရှိသော် လည်း ပြည်တွင်း စားသုံးမှု များပြားခြင်း၊ ပြည်တွင်းဈေးကြီးမြင့်ခြင်း၊ ပုပ်သိုးလွယ်သော ပစ္စည်းဖြစ်၍ ပင်လယ်ရေကြောင်းမှ တင်ပို့ရန် ခက်ခဲ သောကြောင့် နယ်စပ်ကုန်သွယ်မှုမှသာ တင်ပို့မှု များပြား လျက်ရှိပါသည်။ ပြည်တွင်း စိုက်ပျိုးထုတ်လုပ်မှုတွင်လည်း မိုးကြက် သွန်နီစိုက်ပျိုးနိုင်မှုမှာ နည်းပါးပြီး ဆောင်းကြက်သွန်နီစိုက်ပျိုး မှုပေါ်တွင်သာ တစ်နိုင်ငံလုံးအားထားရကြောင်း တွေ့ရှိရပါသည်။ ဆောင်းကြက်သွန်နီကို အဓိကစိုက်ပျိုး သောမြေနေရာမှာ မြန်မာနိုင်ငံ အထက်ပိုင်းရှိ ချောင်းကြီးလေးချောင်း ဖြစ်သော မန္တလေးတိုင်းတွင် ဆင်တဲဝချောင်း၊ မကွေး တိုင်းတွင် မုန်းချောင်း၊ မင်းချောင်း၊ ယင်းချောင်းတို့တွင် ဖြစ်ပါသည်။ ယင်းမြေနေရာအခြေအနေအရ စိုက်ပျိုးထုတ်လုပ်မှု စရိတ်ကြီးမားပြီး မိုးလေဝသ အခြေအနေအပေါ် အဓိက တည်မှီနေသဖြင့် ထုတ်လုပ်မှု မှာ နှစ်စဉ်မတည်ငြိမ်သည်ကို တွေ့မြင်နေရပါသည်။ ထို့အပြင် ဈေး နှုန်းအနိမ့်အမြင့်ကိုလိုက်ပြီး စိုက်ပျိုးမှု ဧရိယာအကျယ်အဝန်းမှာ လည်း ပြောင်းလဲ တတ်သဖြင့် ဈေးအမြင့်ဖြင့် ပိတ်သောနှစ်တွင် စိုက် ဧကများပြီး ဈေးအနိမ့်ဖြင့် ပိတ်သောနှစ်တွင် စိုက်ဧက နည်းတတ် ပါသည်။ ယင်းအတွက်ပင် ကြက်သွန်နီ၏Supply Side သည် နှစ်စဉ် မတည်ငြိမ်မှု ဖြစ်ပေါ်လျက် ရှိပါသည်။ Supply  နည်းသော (တစ်နည်း အားဖြင့်) စိုက်ဧကနည်းပြီး ထုတ်လုပ်မှုအထွက် နည်းသော)နှစ်တွင် ဈေးကြီးမြင့်လာတတ်ပါသည်။ ဈေးကြီးသဖြင့် စိုက်ပျိုးမှုများပြီး အထွက် များကာ ဈေးကျဆင်းမှုဖြင့် ကြုံရပြန်ပါ သည်။ ဤသို့ဖြင့် ကြက်သွန်နီ သည်နိမ့်ချည်မြင့် ချည် ဈေးကွက်ဖြစ်နေပြီး၊ ဈေးနှုန်းမတည်ငြိမ်မှုကို နှစ်စဉ် ကြုံတွေ့နေရပါသည်။ ယခုနှစ် ကြက်သွန်နီပေါ်ချိန်ကာလမှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ကြာရှည် အထား မခံဘဲ အလျော့ တွက်များခြင်းကြောင့် လက်ကျန် လျော့နည်းလာပြီး ပြည်တွင်းဈေးနှုန်း မြင့်တက်လာခဲ့သည်။ ကြက်သွန်နီအသစ်ထွက်ပေါ်မည့်အချိန်မှာ နှစ်လကျော်လိုသေးသည့်အတွက် ဈေးဆက်တက်နိုင်ခြေရှိသည်။ ယခုနှစ် ကြက်သွန်နီသည် ကြက်သွန်နီပေါ်စအချိန်လောက် တွင်သာ ဈေးအနည်းငယ်ကျခဲ့သော်လည်း ဈေးအမြင့်ဖြင့်သာ တစ်လျှောက်လုံးရှိနေ ကြောင်း တွေ့ရသည်။ပြည်ပတင်ပို့မှုကို ကြည့်ပါကလည်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာ နှစ်မှာ အထွက် တန်ချိန် ၁၀၉၁၀၀၀ ခန့်၊ ပိုလျှံမှုတန်ချိန် ၄၆၂၀၀၀ ခန့်၊ ပြည်ပတင်ပို့မှုမှာ ၅၆၅၁၂ တန်ဖြစ်ပြီး ပိုလျှံမှုအပေါ် ပြည်ပ တင်ပို့မှုရာခိုင်နှုန်းမှာ ၁၂ ဒသမ ၂၃ ရာခိုင်နှုန်းခန့်သာ ရှိပါသည်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာကြက်သွန် နီ အထွက်တန်ချိန် ၁၂၆၄၈၅၄ ခန့် ပြည်ပတင်ပို့မှုမှာ ၃၆၁၃၅ တန်ခန့်၊ ပိုလျှံမှုအပေါ် ပြည်ပတင်ပို့ မှုရာခိုင်နှုန်းမှာ ၆ ဒသမ ၀၅ ရာခိုင်နှုန်းခန့် ရှိပါသည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ  အထွက်တန်ချိန် ၁၂၆၄၄၀၄ ခန့် ပြည်ပ တင်ပို့ မှုမှာ ၄၇၇၄၈ တန်ခန့်၊ ပိုလျှံမှုအပေါ် ပြည်ပ တင်ပို့မှုရာခိုင်နှုန်း မှာ ၇ ဒသမ ၉၈ ရာခိုင်နှုန်းခန့်ဖြစ်ပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ အထွက် တန်ချိန် ၁၁၄၁၁၁၁ ခန့်၊ ပြည်ပ တင်ပို့မှုမှာ ၆၆၇၁၄ တန်ခန့်၊ ပိုလျှံမှု အပေါ် တင်ပို့မှုရာခိုင်နှုန်းမှာ ၁၃ ဒသမ ၁၇ ရာခိုင်နှုန်းခန့် ဖြစ်ပါ သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် စက်တင်ဘာ ၁ ရက်ထိ ကြက်သွန်နီ ပြည်ပတင်ပို့မှုမှာ ၁၆၆၁၅ ဒသမ ၅၃) တန်ခန့် ဖြစ်ပြီး ယခင် ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်၏ ပြည်ပ တင်ပို့မှုကာလတူ နှိုင်းယှဉ်ကြည့်တဲ့အခါ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်ရဲ့ ကာလတူတင်ပို့မှု ၄၇၁၄၂ တန် ဖြစ် သည့်အတွက် ၆၅ ရာခိုင်နှုန်းခန့် လျော့နည်းတင်ပို့မှု ရှိနေကြောင်း တွေ့ရပါသည် ။ကြက်သွန်နီစီးဆင်းမှု အနေဖြင့်ကြည့်ပါ က ရန်ကုန်ဘုရင့် နောင်ပွဲရုံသို့ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လအတွင်း ဝင်ရောက်မှု ပိဿာပေါင်း ၃၂ç၈၅ç၀၀၀ ရှိပြီး တစ်နေ့ပျမ်းမျှ ၁ç၆၄ç၂၅၀ ပိဿာခန့် ဝင်ရောက်ပါ သည်။ သြဂုတ်လတွင် ဝင်ရောက်မှုပိဿာပေါင်း ၃၃ç၃၀ç၀၀၀ ရှိပြီး တစ်နေ့ပျမ်းမျှ ၁ç၄၄ç၇၈၃ ပိဿာခန့် ဝင်ရောက် လျက်ရှိကြောင်း တွေ့ရပါသည်။ စက်တင် ဘာ လ ၁ ရက်နေ့မှ ၁၄ ရက်နေ့ထိ ဝင်ရောက်မှု ပေါင်း ၁၅၈၄၀၀၀ ပိဿာရှိပြီး၊ တစ်ရက်ပျမ်းမျှ ၁၁၃၁၄၃ ပိဿာရှိ ကြောင်း သိရသည်။ အထက်ပါစီးဆင်းမှုကိုကြည့်ရင် ရန်ကုန်ကို ဇူလိုင်လကစပြီး စက်တင်ဘာလအလယ်ထိ စီးဆင်းမှုသည် ပုံမှန် အတိုင်း ရှိနေကြောင်း တွေ့ရသည်။ ယခုနှစ်တွင်မူ အထွက်နည်း သောနှစ်၊ ကြက်သွန်နီအပုပ်များသောနှစ်ဖြစ်ခြင်း၊ ပြည်ပ တင်ပို့မှု နည်းခြင်း စသည့် အကြောင်းတရားအမျိုးမျိုးကြောင့် ကြက်သွန်နီဈေး သည် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း တရိပ်ရိပ် ဈေးတက်လာ သည်ကို တွေ့ရပါသည်။ ရန်ကုန်ဘုရင့်နောင်၏ ဆိပ်ဖြူစ-လတ်သန့် တစ်ပိဿာ လက်ကားဈေးမှာ သြဂုတ်လ ပထမပတ်တွင် ကျပ် ၁၅၀၀၊ သြဂုတ်လ ဒုတိယပတ်တွင် ကျပ် ၁၅၅၀၊ သြဂုတ်လ တတိယပတ်တွင် ကျပ် ၁၆၀၀၊ သြဂုတ်လ စတုတ္ထပတ်တွင် ၁၆၂၅ ကျပ်၊ စက်တင်ဘာလ ပထမပတ်တွင် ၁၈၇၅ ကျပ်နှင့် စက်တင်ဘာလ ဒုတိယပတ် ၁၉၂၀ ကျပ်ထိ ဖြစ်လာကြောင်း တွေ့ရ ပါသည်။ တစ်ခါတစ်ရံတွင် ဘုရင့်နောင် ဈေးထက်ပင် နယ်ဈေးများ ကြီးမြင့်သည်ကို တွေ့ရတတ်ပါသည်။ဤကဲ့သို့ ပြည်တွင်းကြက်သွန်နီဈေးနှုန်းများ ကြီးမြင့်လာပါက တရုတ်နှင့် အိန္ဒိယမှ ဈေးသက်သာသော ကြက်သွန်နီများသည် ပြည် တွင်းဈေးကွက်များအတွင်းသို့ ဝင်ရောက်လာတတ်ပါသည်။ ၂၀၁၅ ခုနှစ်က ပြည်တွင်းကြက်သွန်နီဈေးနှုန်း မြင့်တက်လာပြီး မိုးကြက် သွန်နီ အသစ်မထွက်ခင်ကာလဖြစ်သော သြဂုတ်လကုန်မှစ၍ နိုဝင်ဘာလဆန်းတွင် ပိုမိုဈေးမြင့်လာခဲ့သည်။ ထို့အပြင် နိုဝင်ဘာလ ထဲတွင်ပင် အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိလာခဲ့ကာ ဒီဇင်ဘာလ တွင်မှ ဈေးပြန်ကျခဲ့ပါသည်။ ပြည်တွင်းဈေး အဆမတန်မြင့်တက် လာသဖြင့် ပြည်ပမှ မှာယူတင်သွင်းသည့်အခြေအနေသို့ ရောက်ရှိ လာပါသည်။ တရုတ်မှ ကြက်သွန်နီ ၃၀၆ တန်ခန့်၊ အိန္ဒိယမှ ၃၇၃ ဒသမ ၅ တန်ခန့် စုစုပေါင်း ကြက်သွန်နီတန်ချိန် ၆၇၉ ဒသမ ၅ တန် တင်သွင်းခဲ့ရပြီး တစ်ပိဿာလျှင် ကျပ် ၁၁၀၀ မှ ၁၃၀၀ နှုန်းဖြင့် ပြည်တွင်း၌ ရောင်းချခဲ့ရပါသည်။၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်ရှိ ကြက်သွန်နီ လက်ကား အလတ်စဈေးနှုန်းများမှာအောက်ပါအတိုင်း ဖြစ်ပါသည်။ ယခုနှစ်တွင်လည်း ဈေးနှုန်းမြင့်တက်လာပြီး တစ်ပိဿာ လျှင် ကျပ် ၂၀၀၀ ထိ ရောက်ရှိလာနေပြီဖြစ်သဖြင့်လည်းကောင်း၊ ကြက် သွန်နီ အသစ်ပေါ်ရန်မှာဒီဇင်ဘာလ အထိဆိုလျှင် နှစ်လခွဲခန့် အချိန် လိုသေးသည့်အတွက်လည်းကောင်း ကြက်သွန်နီဈေး ဆက်လက် မြင့်တက်လာနိုင်သည့် အခြေအနေပင်ဖြစ်သည်။ ပြည်တွင်း ကြက် သွန်နီ ဈေးကြီးခြင်း၊ ဈေးနည်းခြင်းဖြစ်လျှင် အဓိကအကျိုးသက် ရောက်မှုသည် လူတန်းစားနှစ်ရပ်လုံးဖြစ်သည့် ကုန်ထုတ်လုပ်သူနှင့် စားသုံးသူတို့အပေါ် ကျရောက်တတ်သည်။ လူနည်းစုနှင့် လူများစု ဖြစ်သဖြင့် စားသုံးသူလူများစုကိုဦးစားပေးရသည့် အခြေအနေဖြစ်ပါ သည်။ ထို့အပြင် ယခုအချိန်မျိုးတွင် ကြက်သွန်နီကို သိုလှောင်ရုံရှိ သည့် ပုဂ္ဂိုလ်အနည်းစုကသာ သိုလှောင်ရောင်းဝယ်တတ်ကြပြီး ဈေး ကစားတတ်ကြပါသည်။ ယင်းအချက်များအရလည်းကောင်း၊ Supply and Demand သဘောအရလည်းကောင်း ကြက်သွန်နီဈေးသက်သာ သည့်  တရုတ်နှင့် အိန္ဒိယမှ ကြက်သွန်နီများ ပြန်လည်ဝင်ရောက်လာ မည်မှာ မလွဲသည့်အခြေအနေဖြစ်နေကြောင်း တွေ့ရှိနေရပါသည်။ သို့ဖြစ်၍ ကြက်သွန်နီရေရှည်တည်တံ့ရေး၊ ဈေးကွက်အတွင်း သင့် တော်သော ဈေးနှုန်းဖြင့်ရပ်တည်ရေး၊ တောင်သူများအတွက် အမြတ် ရာခိုင်နှုန်းများရေး၊ စားသုံးသူများအတွက် ဈေးသက်သာရေး စသည့် အချက်များသည် တောင်သူ၊ ကုန်သည်များ၏ စွမ်းဆောင်မှုနှင့် ကျင့်ဝတ်ပေါ်တွင်သာ အဓိကတည်ရှိမည်ဖြစ်သည်။

ခင်ချောစု (ကုန်သွယ်မြှင့်)

 

Local Trade News

Pages