ဈေးတန့်နေသည့် မြန်မာ့ရွှေဈေးကွက်

Tue, 12/23/2014 - 09:35 -- admin_ygn

   ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေဈေးသည် တန့်လျက်ရှိကာ ဈေးအငြိမ်ဖြင့်ပင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။
   ဈေးငြိမ်သက်နေမှုကြောင့် မြန်မာ့ရွှေဈေးကွက်အတွင်း အရောင်းအဝယ်များမှာလည်း  အေးစက်လျက်ရှိနေကြောင်းသိရသည်။ နှစ်ကုန်ပိုင်းကို ရောက်လာပြီဖြစ်သည့် အတွက်  ဈေးကွက်အတွင်း အဝယ်ရော အရောင်းပါအေးစက်နေခဲ့ကြောင်း၊ နယ်မှကုန်သည်များလည်း   အရောင်းအဝယ်ဖြစ်မှုနည်းပါးလျက်ရှိကြောင်း  ရွှေကုန်သည်တစ်ဦး က ပြောကြားခဲ့သည်။
  ''အခုဆိုရင် ၂၀၁၄ ကလည်းကုန်တော့မယ်။ နှစ်ကုန်ခါနီးပြီဆိုရင် ဈေးကွက်ထဲမှာ အရောင်းအဝယ်ကမဖြစ်သလောက်ကိုရှိနေတယ်။ အခုတောင်မှဈေးက ငြိမ်နေ တယ်။ ဈေးမြင့်တက် လာပြီးမှ တစ်ပတ်လုံးဈေးအငြိမ်နဲ့ ဖြစ်နေတာ။ နယ်စပ်တွေမှာလည်း အရောင်း အဝယ်ကမဖြစ်ဘူး။ နှစ်သစ်ကူးကာလဖြစ်နေတဲ့အတွက်  ဈေးကွက်ထဲမှာ အရောင်းအဝယ်ကိုမရှိတာ''ဟု  ရွှေကုန်သည် ဦးစံမြင့်ကဆိုသည်။
   အပိုင်းလိုက်ရွှေများ  အရောင်း အဝယ်နည်းပါးသော်လည်း  အထည်ဘက်တွင်မူ  ပုံမှန်အတိုင်းအရောင်းအဝယ်ဖြစ်လျက်ရှိသည်ဟု ၎င်းကဆိုသည်။
   မြန်မာ့ရွှေဈေးကွက်တွင် ဒီဇင်ဘာ ၁၅ရက်က ကျပ် ၆၇၀၀၀၀ ဖြင့် ဈေး ဖွင့်ခဲ့သော်လည်း ဒီဇင်ဘာလ ၁၇ ရက် နောက်ပိုင်းတွင် ကျပ် ၆၆၇၀၀၀ သို့ဈးကျဆင်းခဲ့ကာ ထိုဈေး အတိုင်းပင် တစ်ပတ်လုံးအရောင်းအဝယ်ဖြစ်လျက်ရှိသည်။
   ကမ္ဘာ့ရွှေဈေးကွက်သည်လည်း ဒီဇင်ဘာ ၁၅ ရက်က ၁၂၁၉ ဒေါ်လာရှိခဲ့ပြီး ဒီဇင်ဘာ ၁၁ ရက်တွင် ၁၁၉၈ ဒေါ်လာသို့ဈေးကျဆင်းခဲ့သည်။

မယ်သီတာ

 

Local Trade News

Pages