ဈေးတက်ပေမယ့် အရင်းမကျေတဲ့ခရမ်းချဉ်သီး

Fri, 05/20/2016 - 06:37 -- admin_ygn

ခရမ်းချဉ်သီးကို လူမျိုးဘာသာမရွေး နှစ်သက်စွာ စားသုံးကြသည်။ လူတို့၏ ကျန်းမာရေးကို လွန်စွာမှ အထောက် အကူဖြစ်သော ၊ အိမ်ရှင်မများအတွက် မပါမပြီးသော စားဖိုဆောင်သီးနှံဖြစ်ပါသည်။ ချက်စား၍ တစ်မျိုး၊ သုပ်စား၍တစ်ဖုံ၊ ယိုထိုး၍ တစ်နည်း ၊ ဖျော်ရည်လုပ်၍ တစ်ကြောင်း နည်းမျိုးစုံဖြင့် စားသုံးကြသည်။ ထို့အပြင် ဆော့(Souce) ပြုလုပ်၍ လည်း စားသုံးနိုင်သည်။ ခရမ်းချဉ်သီးကား စားသုံးရာတွင် အရသာရှိယုံမက ကျန်းမာရေးအတွက်လည်း အထောက်အကူ ပေးပါသည်။  ခရမ်းချဉ်သီးစားခြင်းအားဖြင့် နှလုံးတုန်၊ ရင်ခုန်၊ မူဝေမောပန်းခြင်း၊ ဆီးဝမ်းမှန်ခြင်း၊ လေထိုးလေအောင့်၊ ချောင်းဆိုးရင်ကြပ်၊ မျက်စိအမြင်ကြည်လင်ခြင်း စသည့် ကျန်းမာရေးကောင်းကျိုးများရရှိကြောင်း လေ့လာသိရှိရသည်။ တိုင်းရင်းဆေးအလိုအားဖြင့် ခရမ်းချဉ်သီးအစိမ်းသည် ချဉ်၏၊ ဖန်၏၊ အနည်းငယ်စပ်၏၊ ခရမ်းချဉ်သီးအမှည့်သည် ချို၏၊ လေကိုကြေစေ၏၊ ဝမ်းမီးကိုတောက်စေ၏၊ နှုတ်ကိုမြိန်စေ၏၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုကို ဖြစ်စေ၏၊ အိုမင်းရင့်ရော်မှုကို နှေးကွေး စေပြီး နှလုံးရောဂါ၊ ကင်ဆာရောဂါတို့ကို ကာကွယ်ပေး၏။ ထို့ကြောင့် ခရမ်းချဉ်သီးကို နေ့စဉ် တစ်လုံးမှ နှစ်လုံးအထိ စားသုံးပေးသင့်သည်ဟု ဆေးသိပ္ပံသုတေသီများက တင်ပြထားသည်ကို မှတ်သားသိရှိရသည်။

          ခရမ်းချဉ်သီးကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် စိုက်ပျိုးကြသည်။ ခရမ်းချဉ်သီးတွင် ဗမာမျိုးနှင့် နိုင်ငံခြားမျိုး(တိုင်ထောင်သီး)ဟူ၍ (၂) မျိုးရှိသည်။ ဗမာမျိုးကို အနည်းငယ်သာစိုက်ပျိုးကြသည်။ နိုင်ငံခြားမျိုးမှာ မျိုးကွဲ နံပါတ် များစွာရှိရာ (909, 981, 988, 900, 091, 008, 111, 333, 888, 289, 387, SB 375, 1283) စသဖြင့် နံပါတ်အလိုက် အမျိုးမျိုးရှိသည်။ စိုက်ပျိုးမှု အများဆုံးနံပါတ်များမှာ 111, 008, 091, 909 တို့ဖြစ်သည်။

          ခရမ်းချဉ်သီးမျိုးကို စတင်စိုက်ပျိုးမှ စကာ(၁၈/၂၀)ရက်ခန့် ပျိုးသက်ရသည်နှင့် မြေချစိုက်ပျိုးရန် မြေကိုလိုအပ်သ လို ထယ်ရေးပြင်၍ ဘောင်ဖော်ကာ အတန်းလိုက် စိုက်ပျိုးသည်။ စတင်မြေချ စိုက်ပျိုးပြီးသည်နှင့် စိုက်ရေလောင်းခြင်း၊ အပင်ကြီး၍ အမြစ်စွဲမှ ရေစုပ်စက်ဖြင့် ရေတင်ခြင်း၊ အနည်းငယ်အပင်ကြီးလာသည်နှင့် တိုင်ထောင်တန်းထိုးခြင်း၊ စိုက်ပျိုးမှု တွင် ရာသီဥတုအလိုက် ရေပေး၍ ဓါတ်မြေသြဇာ ကျွေးကာ မှိုသတ်ဆေး၊ အပင်အားဆေးများ ဖြန်းခြင်းဖြင့် လေးလခန့် အကြာ၌ အသီးများခူးနိုင်ကြောင်း သိရှိရသည်။

          မန္တလေးဒေသတွင် ခရမ်းချဉ်သီးဈေးကွက်သည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလက စိုက်ပျိုးသော တောင်သူများ ဈေးကွက်ပျက်ကာ အရှုံးနှင့်ရင်ဆိုင်ရသည်။ ပေါ်စတွင် တစ်ပိဿာ(၁၀၀) ကျပ်မှ (၅၀) ကျပ်နှုန်းအထိ ကျဆင်းခဲ့သည်။ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလမှ စကာ ခရမ်းချဉ်သီးဈေး ပြန်လည်ဦးမော့လာခဲ့သည်။ ဧပြီတွင် ရာသီဥတု ဖောက်ပြန်၍ လေ ပြင်းတိုက်ခြင်း၊ မိုးသီးကြွေကျခြင်းတို့ကြောင့် ခရမ်းချဉ်သီးများပျက်ကာ အထွက်နှုန်းကျ၍ ဈေးနှုန်းထိုးတက်ခဲ့ရာ ယခုမေ လတွင် တစ်ပိဿာ (၁၅၀၀) ကျပ်မှ (၂၀၀၀)ကျပ်နှုန်းအထိ ရောက်ရှိလာခဲ့သည်။

          အမရပူရမြို့နယ်၊ မြစ်လောင်းကျေးရွာ ခရမ်းချဉ်သီးစိုက် တောင်သူတစ်ဦးက ဒီနှစ်မှာ ဗမာမျိုးရော နိုင်ငံခြားမျိုးပါ (၂) မျိုးစလုံး စိုက်ပျိုးကြောင်း၊ တစ်ဧကလျှင် အထွက်နှုန်း ပိဿာ (၁၃၀၀/၁၅၀၀) ခန့် ထွက်ရှိကြောင်း၊ အစပိုင်း ဈေးကွက်ပျက်ပြီး အရှုံးဒဏ်အလူးအလဲခံရကြောင်း၊ ယခုနောက်ပိုင်းဈေးကွက် ကောင်းလာသဖြင့် အရှုံးကာမိယုံလေးသာ ဖြစ်ပြီး အရင်းမကျေသေးကြောင်း၊ ရာသီဥတုကောင်းမွန်အောင် ဆုတောင်းနေရပါကြောင်း ပြောကြားပါသည်။

(အောင်မြိုင်၊ DOT – MDY)

Local Trade News

Pages