ဆန်ချောနဲ့ဆန်ကြမ်း ဒိုင်အဝင်ပုံမှန်ရှိသော်လည်း အရောင်းအဝယ်အေးနေ

Wed, 05/25/2016 - 07:54 -- admin_ygn

ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ မေ ၂၀ ရက်လက်ကားဆန်ဈေးနှုန်းများမှာ ဖျာပုံပေါ်ဆန်းဆန် ထိပ်စ တစ်အိတ် ၃၅၀၀၀ ကျပ်၊   အလတ်စ ဆန်တစ်အိတ် ၃၃၅၀၀ ကျပ်ဖြစ်လို့ ယခင်တစ်ပတ် နဲ့   ဈေးနှုန်းနှိုင်း ယှဉ်ကြည့် ပါက ထိပ်စ၊ လတ်စဆန်တစ်အိတ်ကို ၁၀၀၀ ကျပ်ခန့် ဈေးမြင့်လာ ပါတယ်။ မြောင်းမြ၊ ပုသိမ်ပေါ်ဆန်းဆန်ထိပ်စ တစ်အိတ် ၃၇၀၀၀ ကျပ်၊   လတ်စတစ်အိတ်   ၃၆၅၀၀ ကျပ်ဖြစ်လို့  ယခင် တစ်ပတ်ထက် ထိပ်စ တစ်အိတ် ၅၀၀ ကျပ်ခန့် ဈေးတက်လာ တာ  တွေ့ရပါတယ်။ နယ်စုံပေါ်ဆန်းဆန်များကတော့ ထိပ်စ တစ်အိတ် ၃၄၀၀၀ ကျပ်၊ လတ်စတစ်အိတ် ၃၃၀၀၀ ကျပ်ဖြစ် လို့ ထိပ်စတစ်အိတ် ၁၀၀၀ ကျပ်၊ လတ်စ တစ်အိတ် ၅၀၀ ကျပ်ခန့် ဈေးမြင့်လာကြောင်း ဝါးတန်းကုန်စည်ဒိုင် ဈေးနှုန်း များအရ စိစစ်တွေ့ရှိရပါတယ်။  ပေါ်ဆန်းဆန်ချောများ ကုန် စည်ဒိုင်သို့ အဝင်ပုံမှန်ရှိနေပြီး အရောင်းအဝယ်မှာ အေးနေ ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ စုံစမ်းသိရှိ ရပါတယ်။
ဆန်ကြမ်းဖြစ်တဲ့  ဧည့်မထဆန်  ထိပ်စတစ်အိတ် ၂၃၅၀၀ ကျပ်၊ လတ်စဆန် တစ်အိတ် ၂၂၀၀၀ ကျပ် နဲ့ ဈေး နှုန်းတည်ငြိမ်နေပြီး၊ မနောသုခရှယ်  ဆန်တစ်အိတ် ၂၄၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်ထက် ၅၀၀ ကျပ်-၁၀၀၀ ကျပ်ခန့်ဈေးမြင့်လာပါတယ်။ နွေသီးထပ် (ရှယ်) ဆန် တစ်အိတ်  ၁၇၈၀၀ ကျပ်မှ ၁၉၀၀၀ ကျပ်ဖြစ်လို့  တစ်အိတ် ၂၀၀ ကျပ်ခန့် ဈေးကျလာကြောင်း၊ နွေဆန်ရက်၉၀ ဆန်ဈေး နှုန်း တစ်အိတ် ၂၀၀၀၀ ကျပ်မှ ၂၁၀၀၀ ကျပ်ဖြစ်ကြောင်း၊ ကုန်စည်ဒိုင်ဈေးနှုန်းများအရ စိစစ်တွေ့ရှိရပါတယ်။ ဆန်ကြမ်း ဖြစ်တဲ့ ဧည့်မထဆန်များ ကုန်စည်ဒိုင်သို့ ဝင်ရောက်မှုမှာ ပုံမှန်သာရှိပြီး အရောင်းအဝယ်မှာ အေးနေကြောင်း ရှေ့ဆက် ပြီးလည်း  တက်ရိပ် မရှိနိုင်ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ စုံစမ်းသိရှိရပါတယ်။
မူဆယ်ဆန်ဈေးကွက်ရဲ့ မေ ၂၀  ရက် ဈေးနှုန်းများအရ ဧည့်မထ ၅ မှတ်၊ မှော်ဘီနဲ့ စူပါ တစ်အိတ်ကို ၁၄၆-၁၄၉ ယွမ်၊ ဧည့်မထ ၁၀ မှတ် မှော်ဘီနဲ့  စူပါတစ်အိတ်ကို  ၁၄၂-၁၄၄ ယွမ်၊   ဧည့်မထ ၂၅ မှတ် မနောသုခ တစ်အိတ် ၁၃၂-၁၃၈ ယွမ်၊ ငစိန် ၅ မှတ် တစ်အိတ် ၁၄၃-၁၄၅ ယွမ်၊ ငစိန် ၂၅ မှတ်တစ်အိတ် ၁၃၆ ယွမ် အသီးသီးဖြစ်ကြောင်း သိရပါတယ်။ တရုတ်လိုင်းမူဆယ်ရဲ့ ဆန်ဈေးကွက်အခြေအနေမှာ ရွှေလီမှ ကူမင်းသွားတဲ့လမ်းမှာ  စစ်ဆေး မှုများ   ရှိနေတဲ့အတွက် အရောင်းအဝယ်အေးနေကြောင်း၊  ဝယ်လက်လည်း သိပ်မရှိ တာကြောင့် ဈေးကျနေတယ်လို့ မူဆယ်ဆန်ဈေးကွက်မှ စုံစမ်း သိရှိရပါတယ်။  မေ ၂၀ ရက် ငွေလဲနှုန်းမှာ တစ်ယွမ်ကို ၁၇၈ ဒသမ ၂၅ ကျပ်ဖြစ်ကြောင်း၊   ပြည်တွင်းနယ်စုံမှ မူဆယ်သို့ နေ့စဉ် ဆန်တန်ချိန် တစ်ရက်ပျမ်းမျှ   ၁၄၆၂ တန်ခန့် ဝင် ရောက်ခဲ့ပြီး ယခုတစ်ပတ်အတွင်း  စုစုပေါင်း   ဆန်တန်ချိန် ၇၃၁၁ တန်ခန့် ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။မြန်မာ့ ဆန်နဲ့ ဆန်ကွဲပြည်ပတင်ပို့မှုမှာ ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မေ ၁၃ ရက်အထိ တင်ပို့မှုမှာ တန်ချိန် ၅၇၅၂၅ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၀ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ဆန်တင်ပို့မှုအနေနဲ့ တန်ချိန် ၄၃၆၈၈ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၅ သန်းကျော် ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် တန်ချိန် ၈၉၀၇၅ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း ၃၂ ကျော် ဖိုး လျော့နည်းတင်ပို့ခဲ့ပါတယ်။ ဆန်ကွဲပြည်ပ တင်ပို့မှုမှာ တန် ချိန် ၁၃၈၃၇ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄  သန်းကျော်ရှိနေပြီး ယခင်ဘဏ္ဍာနှစ်ကာလတူထက် တန်ချိန် ၅၀၂၃၄ ကျော်တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၅ သန်း ကျော် ဖိုး လျော့နည်းတင်ပို့ခဲ့ကြောင်း သိရပါတယ်။    
MT- YGN

 

Local Trade News

Pages