ကသာခရိုင်ထွက်ကုန် ကြံနှင့် ကြံထွက်ပစ္စည်းများ ဈေးကောင်းရ

Thu, 03/31/2016 - 06:54 -- admin_ygn

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်မှာ အဓိကထုတ် ကုန် ကြံသီးနှံကို  ကသာမြို့နယ်နဲ့ ထီးချိုင့်မြို့နယ်တို့မှာ ဧက တစ်သိန်းကျော် စိုက်ပျိုးပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကသာခရိုင် မှာ ကြံသီးနှံကို အများဆုံး စိုက်ပျိုးထုတ် လုပ်တယ်လို့ သိရပါတယ်။ ၂၀၁၅-၂၀၁၆ ခုနှစ် ကြံရာသီမှာ တစ် တန် ၃၈၀၀၀ ကျပ် ပွက်သား၊ ပွက်ရည် တစ်ပိဿာကျပ် ၆၁၀ နဲ့ ကျပ် ၆၀၀ ဈေးရှိလို့ ကြံစိုက်တောင်သူများ ဈေးကောင်း ရ အကျိုးအမြတ် ရရှိပါတယ်။'' ကြံဧက တစ်ရာရှိပါတယ်။ မျိုးသန့်မျိုးပွားဆင်းရွှေလီ မျိုးနဲ့ ၉၅^၈၄ မျိုးသန့်စိုက်ပျိုးထားပါတယ်။ အထွက်နှုန်း တစ်ပြေးညီမဟုတ်ပေမယ့် ပျမ်းမျှ တစ်ဧကတန် ၃၀ ထွက်ပြီးကုန်ကျစရိတ်လေးသိန်းရှိပါတယ်။ ဒီနှစ်မှာကြံတစ်တန်ကို ၃၈၀၀၀ ကျပ်ဈေးနဲ့ မြတောင်သား သကြားစက်ကို ရောင်းပါ တယ်။ ကြံတစ်ဧကကို ဝင်ငွေ ကျပ် ၁၀သိန်းကျော်ရရှိပါတယ်။ ကုန် ကျစရိတ် လေးသိန်းနှုတ်ပြီး ခုနစ်သိန်း အသားတင်အကျိုး အမြတ်ရတယ်။ ကြံအချောင်းလိုက်  မရောင်းဘဲ ပွက်သား ချက်ရောင်းတဲ့တောင်သူများလည်းရှိပါတယ်။ လုပ်သားခ ပိုသလို အကျိုးအမြတ်လည်း ပိုရပါတယ်။ ကြံတစ်တန်ချက်ရင် ပွက်သား ပိဿာ ၈၅ နဲ့ ၉၀ ကြားထွက်ပါတယ်။  တစ်ဧက အထွက်တန်၃၀ ချက်ရင် ပွက်သားပိဿာ ၂၂၅၀ နဲ့ ၂၇၀၀ ရပြီး၊ ယနေ့ပေါက်ဈေး တစ်ပိဿာ ၆၀၀ ကျပ်နဲ့  ၁၄ သိန်း ကျော် ရပါတယ်။ စိုက်ပျိုးစရိတ် လုပ်သားခ ၆ သိန်းကျော်နှုတ် ပြီး ၈သိန်းအကျိုးအမြတ်ရှိပါတယ်။ ဒီနှစ်ကြံဈေးကောင်း ရတယ်'' လို့ ကြံတောင်သူတစ်ဦးက ပြောပါတယ်။''ဒီနှစ်ကြံဈေးကောင်းသလို သကြားဈေးလည်းကောင်း တယ်၊ ပွက်သားအချိန်တစ်ရာ ကြိတ်ရင်ခါသကြား အကြမ်း ပိဿာ ၈၀၊ ဈေးကွက်ဝင် သကြားဖြူ ၇၅ ပိဿာရပါတယ်။မန္တလေးပွဲရုံကို  တစ်ပိဿာ ၁၁၀၀ ဈေးသွင်းပါတယ်။ ကြံ အချောင်းလိုက်ရော ပွက်ရည်ပွက်သားရော အကုန်ဝယ်ပါ တယ်''လို့ ကြံဧက ၅၀၀ ပိုင်ဆိုင်တဲ့ မြတောင်သား သကြားစက်ပိုင်ရှင် ဦးတင်ဝင်းထွန်းက ပြောပါတယ်။ပြည်တွင်းသကြားစားသုံးမှု ပိုလျှံသမျှပြည်ပအိမ်နီးချင်း ဈေးကွက်များကို တည်ငြိမ်စွာတင်ပို့နိုင်ဖို့ အရေးကြီးပါတယ်။ သကြားဈေး၊ ကြံဈေးများက တစ်နှစ်နဲ့တစ်နှစ် အနိမ့်အမြင့်ရှိတော့ ကြံစိုက်ပျိုးထုတ်လုပ်သူများအတွက် ရိုက်ခတ်မှုတွေရှိ ပါတယ်။ စားသောက်ကုန်လုပ်ငန်းများမှာ သကြားပါဝင်မှု ဟာအရေးပါတာ တွေ့ရပါတယ်။ ကသာခရိုင် ကုန်ထုတ်လုပ်မှုဝင်ငွေအတွက် တစ်ဧကသိန်းချီရှိတဲ့ ကြံနဲ့ကြံထွက်ပစ္စည်း ဖွံ့ဖြိုးတိုးတက်ရေးတောင်သူ၊ စက်ပိုင်၊ ကုန်သည်၊ စားသုံး သူများနဲ့ နိုင်ငံတော်အစိုးရတို့ တက်ညီလက်ညီပူးပေါင်းမှအောင်မြင်တိုးတက်မှာ ဖြစ်တယ်လို့  ကသာကြံဇုန်အသင်း ဥက္ကဋ္ဌက ပြောကြားပါတယ်။  

          ကြည်နိုင်ဦး-အင်းတော်

 

Local Trade News

Pages