ပြည်ဈေးကွက်အတွင်း ကြက်သွန်နီသီးနှံဈေးနှုန်းများ ပိုမိုမြင့်တက်လာသဖြင့် ဝယ်လိုအား သိသိသာသာလျော့နည်း

Tue, 08/08/2017 - 07:14 -- admin_ygn

           ပြည် ကြက်သွန်နီဈေးကွက်တွင် ယခုတစ်ပတ်အတွင်း လက်လီရော လက်ကားပါဈေးဆက်လက်မြင့်တက်လျက်ရှိပါတယ်။ ယခုလိုဈေးနှုန်းများ မြင့်တက်နေတဲ့အတွက် ဈေးကွက်အတွင်း ဝယ်လိုအားသိသိသာသာ နည်း သွားကြောင်းဈေးကွက်မှ သိရပါတယ်။ ကြက်သွန်နီ အဓိကစိုက်ပျိုးရာ မကွေးတိုင်းအတွင်းရှိ ကြက်သွန်နီ ကုန်စည်ဒိုင်များသို့ တာချီလိတ်၊ မြဝတီဘက်များမှ ဝယ်လက်များ ကိုယ်တိုင်ကွင်း ဆင်းကာ ဈေးကောင်းပေးဝယ်ယူမှု များကြောင့် ပြည်တွင်းလက်ကျန်နည်းကာ ဈေး နှုန်းများ မြင့်တက်ရခြင်းဖြစ်ကြောင်း၊ ပြည်ပွဲရုံ လုပ်ငန်းရှင်များရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။ ဈေးနှုန်းလည်းမြင့်တက်သလို ပြည်တွင်းလက်ကျန်လည်း နည်းနေသဖြင့် ပြည်ေ ဈးကွက်အတွင်းသို့ နေ့စဉ် ပိဿာ ၃၀ ဝင်အိတ် ၂၀၀ မှ ၃၀၀ အထိ ရှိပြီး သိသာစွာ အဝင်နည်းသွားတာ တွေ့ရပါတယ်။ အဝင်နည်းသလို အရောင်းအဝယ်မှာလည်း ဈေးနှုန်းမြင့်တက်လာသည့်အတွက် စားသုံးသူများအနေဖြင့် ခြိုးခြံ သုံးစွဲနေပြီး ဝယ်ယူသုံးစွဲမှု နည်းသွားတဲ့အတွက် အရောင်းအဝယ်မှာ ပုံမှန်ထက် သိသိသာသာနည်းသွားကြောင်းသိရပါတယ်။ပုံမှန်ဝယ်လက်များဖြစ်တဲ့ဝယ်ရောင်း သမား၊အိတ်ဆွဲသမားများနှင့် ဧရာဝတီ ၊ ရခိုင်ဘက်မှ ရော င်းချသူများကလည်းမှာယူမှု နည်းသွားကြောင်းတွေ့ရပါတယ်။ ဈေးနှုန်းများအနေဖြင့် ပွဲရုံလက်ကား တစ်ပိဿာလျှင် (ဟိုတယ်စ)ကျပ် ၁၈၀၀၊ (ထူးတစ်လုံး) ကျပ် ၁၇၀၀၊ရှယ်ကျပ် ၁၆၀၀၊ (RC) ၁၅၀၀ တို့ရှိပြီး လက်လီဈေးအသေး များတွင် (ကြီး/လတ်) ၁၈၀၀-၂၀၀၀ ကျပ်၊ (သေး)ကျပ် ၁၆၀၀-၁၇၀၀ ကျပ်တို့နှင့် အသီးသီး ရောင်းဝယ်လျက်ရှိနေတာတွေ့ရပါတယ်။ ပြည်ဈေးကွက်အတွင်း အချို့စားသုံးသူများ၏ တောင်းဆိုချက်အရ မန္တလေးဘက်မှ ဝင်ရောက် လျက်ရှိတဲ့ တရုတ်ကြက်သွန်နီများကိုလည်း မှာယူရောင်း ချလျက်ရှိပြီး တစ်ပိဿာလျှင် လက်ကားကျပ် ၈၀၀-၉၀၀ ၊ လက်လီကျပ် ၁၁၀၀-၁၂၀၀ တို့နှင့် ရောင်းဝယ်မှုရှိကြောင်း သိရပါတယ်။

 

ဝင်းလဲဝါ(ပြည်)

Local Trade News

Pages