(Mobile Team) အဖွဲ့မှ ယာယီ တားဆီး ထိန်းသိမ်းထားတဲ့ ကုန်ပစ္စည်းအချို့ လိုင်စင်ဆောင်ရွက်ပေးပြီးဟု သတင်းရရှိ

Tue, 12/04/2012 - 15:13 -- Anonymous (not verified)

   မူဆယ်-မန္တလေးလမ်းကြောင်းရှိ စားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး အဖွဲ့ (Mobile Team) ဟာ နိုဝင်ဘာလ (၂) ရက်နေ့က စတင်ပြီး ကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ ယာဉ်များအား စစ်ဆေးခြင်း၊ တရားမဝင် သယ်ဆောင်လာတဲ့ အကောက်ခွန်မဲ့ ပစ္စည်းများအား ယာယီတားဆီး ထိန်းသိမ်းခြင်း၊ လိုင်စင် ဆောင်ရွက်စေခြင်း၊ သိမ်းဆည်း ဖျက်ဆီးခြင်းများကို ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၆ ရက်မှ ၁ဝ ရက်ထိ ကာလ အတွင်း ယာဉ် ၁၇ စီး၊ လိုင်စင်မဲ့ ဆိုင်ကယ်၊ လိုင်စင်မဲ့ လေးလုံးထိုး ထော်လာဂျီနဲ့ ၂၇၂/၃ မိုင်၊ ၂၇၂/၇ မိုင်နဲ့ ၂၇၃ မိုင်ကြား စုပုံ ပစ္စည်းများကို ဖွင့်ဖောက် စစ်ဆေးရာမှာ ကျား၊ မ၊ ခလေးဝတ် အဝတ်အထည်များ၊ အနွေးထည်များ၊ ဖိနပ်၊ စိုက်ပိုျးရေး လုပ်ငန်းသုံး ပိုးသတ် ဆေးရည်၊ အပင်အား ဆေးရည်၊ ပိုးသတ်ဆေးထုပ်၊ ဓါတ်မြေသြဇာ၊ Power Inverter 500 W Battery Clip၊ EVD Plug ခေါင်း၊ Solar Sheet (130 W- DC 1000 V)၊ ဆိုင်ကယ် အင်ဂျင်ဝိုင်၊ Gasket ၊ ကျင်းထုံခြင်ဆေးခွေ၊ 2 in 1 Car & Home Subwoofer ၊ Portable EVD၊ Mini Speaker ၊ Mini Digital Studio Sound Box နှင့် Motor Coil တို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

   အဆိုပါပစ္စည်းများထဲမှ Solar Sheet နဲ့ ကျား/မ/ခလေးဝတ်အဝတ်အထည်၊ အနွေးထည်နဲ့ ဖိနပ် အချို့ ၇၃၂၄ ယွမ် တန်ဖိုးကို လိုင်စင်ထုတ်ပေးပြီးပြီလို့ (Mobile Team) အဖွဲ့ခေါင်းဆောင် နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးထံမှ Commerce Journal သတင်းအဖွဲ့က သတင်းရရှိခဲ့ပါတယ်။

ဂန္ဓမာ