အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအတွက် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ အောက်တိုဘာလ ၃၁ 
နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအတွက် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၁၀:၃၀ နာရီအချိန် တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
    အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်စန္ဒာဝင်းက  အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံဖြိုးတိုး တက်ရေးအတွက် စက်မှုဒီဇိုင်းမူပိုင်ခွင့်၏အရေးပါပုံနှင့်စပ်လျဉ်း၍ လည်းကောင်း၊  ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်ဇာဝင်းက စက်မှုဒီဇိုင်းမူပိုင်ခွင့်အငြင်းပွားမှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်း ခဲ့ကြသည်။
    ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က စက်မှုဒီဇိုင်းမူပိုင်ခွင့်နှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် မူပိုင်ခွင့် ဥပဒေ(၄)ရပ်ကို အာဏာသက်ဝင်ပြီးဖြစ်၍ မူပိုင်ခွင့်လျှောက်ထားချက်များကို လက်ခံစစ်ဆေးကာ မှတ်ပုံတင်လက်မှတ်များထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ ထုတ်ကုန်တစ်ခုတွင် မူပိုင်ခွင့်(၄)ခုဖြင့် အကာအကွယ်ရယူနိုင်ပြီး ထုတ်ကုန်တစ်ခု၏ ဒီဇိုင်းဆန်းသစ်လှပမှုသည် စျေးကွက်ယှဉ်ပြိုင်ရာတွင် အသာစီးရ‌စေမည့် အားသာချက်တစ်ခုဖြစ်ပါကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)လုပ်ငန်းများသည် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အဓိကကျသည့် အခန်းကဏ္ဍ တစ်ရပ်အနေဖြင့် ပါဝင်သည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် ဒီဇိုင်းများကို တီထွင်ဆန်းသစ် ဖန်တီးနေရုံဖြင့် မလုံလောက်ပဲ မူပိုင်ခွင့်ဖြင့်အကာအကွယ်ရယူထားရန် လိုအပ်ပါကြောင်း၊ ဒီဇိုင်း များကို မူပိုင်ခွင့်အကာအကွယ်ရယူထားပါက မူပိုင်ခွင့်ပိုင်ရှင်၏ ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ် အသုံးပြုခြင်းကို ကာကွယ်တားဆီးနိုင်မည့်အပြင် မိမိ၏ဒီဇိုင်းများကို ခွင့်ပြုချက်မရှိဘဲ ကူးယူခြင်း သို့ မဟုတ် တုပခြင်းများကို ထိထိရောက်ရောက် ကာကွယ်တားဆီးနိုင်မှာ ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဖြင့် အကာအကွယ်ရယူထားခြင်းမရှိပါက မိမိ၏ တီထွင်ဖန်တီးမှုများကို အခြားလုပ်ငန်းများမှတုပကူးယူ ခြင်းများဖြစ်လာနိုင်သဖြင့် ဆုံးရှုံးနစ်နာမှုများ ရှိလာနိုင်ပါကြောင်း၊ သိရှိလိုသည်များကို ဆက်သွယ် မေးမြန်းသွားနိုင်ပါကြောင်း နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ  စုစုပေါင်း (၇၀) ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။