ရုရှားနဲ့ကိုရီးယားသို့ဗီယက်နမ်မှတင်ပို့တဲ့ ပင်လယ်စာအခြောက်အခြမ်းများ စိန်ခေါ်မှုများနဲ့ကြုံတွေ့ရလျက်ရှိ

Mon, 05/13/2013 - 03:32 -- admin

ဗီယက်နမ်နိုင်ငံမှ ရုရှားနဲ့ တောင်ကိုရီးယားသို့ ပင်လယ်စာ ငါးခြောက်များ တင်ပို့ရာမှာ စိန်ခေါ်မှုများနဲ့ ကြုံတွေ့ရလျက် ရှိတယ်လို့ www.vietnetnews.com မှာဖော်ပြထားပါတယ်။ ရုရှားနဲ့ တောင်ကိုရီးယား ဈေးကွက်များဟာ ဗီယက်နမ် ပင်လယ်စာ ငါးခြောက်များ တင်ပို့မှုကို ပိတ်ဆို့ခြင်းနဲ့ ဗီယက်နမ် တင်ပို့သူ အရေအတွက်ကို လျှော့ချခြင်းများ စတဲ့ စိန်ခေါ်မှုများနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဗီယက်နမ်နဲ့ ရုရှားတို့ နှစ်နိုင်ငံအကြား ကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီဇင်ဘာလ တတိယပတ်က ပြုလုပ်ရာမှာ ဗီယက်နမ် ဆိုင်ရာ ရုရှားကုန်သွယ်ရေး အေဂျင်စီမှ ကိုယ်စားလှယ် Mxiam Golikov က စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းရေး အတွက် ဗီယက်နမ်မှ တင်ပို့တဲ့ ပင်လယ်စာ အခြောက်အခြမ်းများ တင်သွင်းမှုကို တားမြစ်ထားခြင်း ဖြစ်တယ်လို့ ရှင်းလင်း ပြောကြားခဲ့ပါတယ်။ သို့သော်လည်း ပင်လယ်စာ အခြောက်အခြမ်းများ တင်သွင်းမှု ဘာကြောင့် ရပ်ဆိုင်း ထားရတယ်ဆိုတာကို ရုရှားအနေနဲ့ အသိပေးပြောကြားခြင်း တစ်စုံတရာမရှိဘူးလို့ သတင်းမှာ ဖော်ပြထား ပါတယ်။

ဗီယက်နမ်နိုင်ငံ Sai Gon Tam Tam ကုမ္ပဏီက ဒါရိုက်တာ Doan Ngoc Tram ကတော့ ဇူလိုင်လခန့်က စပြီး သူမရဲ့ ကုမ္ပဏီမှ ပင်လယ်စာ အခြောက်အခြမ်းများ တင်ပို့မှုကို ရပ်ဆိုင်းထားခံရကြောင်းနဲ့ အခြား ပို့ကုန် လုပ်ငန်းရှင် အတော်များများလည်း ရပ်ဆိုင်းထားခြင်း ခံရတယ်လို့ ပြောကြားခဲ့ပါတယ်။

အချို့ ရုရှား ကုမ္ပဏီများကတော့ ဆက်လက် တင်သွင်းလိုတဲ့ ဆန္ဒရှိနေကြောင်းနဲ့ ဇန်နဝါရီလ အတွင်းမှာတော့ ဗီယက်နမ်ကို ရုရှား ပင်လယ်စာ အခြောက် တင်သွင်းမှု ဆိုင်ရာ လုပ်ငန်းကော်မီတီဝင် အချို့ လာရောက်ဖို့ရှိတယ်လို့ ရုရှား ကုန်သွယ်ရေး အေဂျင်စီ ကိုယ်စားလှယ် Golikov ကဆိုပါတယ်။ စက်မှုနဲ့ ကုန်သွယ်ရေး CIS ( Common Wealth of Independent States) မှ Nguyen Khanh Ngoc က ၂၀၁၃ ခုနှစ် ပထမလေးလပတ် ကာလ အတွင်းမှာ ဗီယက်နမ်နဲ့ ရုရှားတို့အကြားရှိ လွတ်လပ်သော ကုန်သွယ်မှု အစီအစဉ်အရ ညှိနှိုင်းမှုများ လုပ်ဆောင်ရန် ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံမှ ရုရှားသို့ ပင်လယ်စာ ရေထွက်ကုန် တင်ပို့တဲ့ ကုမ္ပဏီ ၃၆ ခုရှိပြီး ထိုအထဲမှာ ကုမ္ပဏီ ၁၂ ခုကတော့ ပင်လယ်စာ အခြောက်အခြမ်း အဓိကတင်ပို့လျက် ရှိပါတယ်။ ဗီယက်နမ်နိုင်ငံဟာ ရုရှားသို့ ရေထွက်ကုန် နှစ်စဉ် ပျမ်းမျှ ကန်ဒေါ်လာ သန်း ၁၀ဝ ကျော်ဖိုး တင်ပို့လျက်ရှိတယ်လို့ သိရပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အေဂျင်စီ ရဲ့ ထုတ်ပြန်ချက်အရ ဗီယက်နမ်နိုင်ငံသည် လုပ်ငန်း ၁၆ ခုတွင် ကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံကျော် တန်ဖိုး ရင်းနှီးမြှုပ်နှံထားပြီး ရေနံ၊ သဘာဝဓါတ်ငွေ့၊ ပင်လယ်စာနဲ့ အထည်ချုပ်လုပ်ငန်းများ ဖြစ်ကြပါတယ်။

Source: Vietnetnews.com (CMK)