၂၀၁၂ ခုနှစ် ပထမ (၆) လအတွင်း တရုတ်နိုင်ငံမှ ရွှေတင်သွင်းမှု မြင့်မားခဲ့သည့်အပြင် ပြည်တွင်းရွှေထုတ်လုပ်မှုလည်း ၇.၇ ရာခိုင်နှုန်း တိုးတက်လာ

Thu, 08/09/2012 - 09:41 -- Anonymous (not verified)

Date: 8 August 2012

ဇွန်လအတွင်း တရုတ်နိုင်ငံသည် ဟောင်ကောင်မှ ရွှေကို ဝယ်ယူတင်သွင်းရာတွင် ကီလိုဂရမ်ပေါင်း ၆၇၇၄၇ သာ တင်သွင်းနိုင်ခဲ့သဖြင့် မေလတင်သွင်းမှု ပမာဏထက် ၁၀ % ကျဆင်းခဲ့သည်ဟု ဟောင်ကော် သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာနမှ စာရင်းထုတ်ပြန်ခဲ့သည်။

ယင်းကာလတွင် ရွှေတင်သွင်းမှု ကျဆင်းသော်လည်း နှစ်အလိုက် ရွှေတင်သွင်းမှု ပမာဏကို ကြည့်လျှင် တိုးတက်လာသည်ဟု သိရသည်။ ၂၀၁၂ ခုနှစ် ပထမ (၆) လအတွင်း တရုတ်နိုင်ငံသည် ဟောင်ကောင်မှ ရွှေတန်ချိန် ၃၈၂.၇၉ တန် တင်သွင်းခဲ့ကြောင်း၊ ၂၀၁၁ ပထမ (၆) လအတွင်းက တန်ချိန် ၆၄.၉၅ တန်သာ တင်သွင်းခဲ့သဖြင့် ယခုနှစ် ပထမ (၆) လအတွင်း တန်ချိန် ၃၀၇.၈၄ တန် ပိုမိုတင်သွင်း ကြောင်း သိရသည်။

တင်သွင်းမှု မြင့်မားသည့်အပြင် ယင်းကာလအတွင်း တရုတ်ပြည်တွင်း ရွှေထုတ်လုပ်မှုသည်လည်း ၇.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး တန်ချိန် ၁၇၇ တန် ထုတ်လုပ်နိုင်ခဲ့သည်ဟု တရုတ်နိုင်ငံ ရွှေအသင်းက ပြောကြား ခဲ့သည်။ သို့သော် ၂၀၁၂ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း အေးနေသဖြင့် တရုတ် နိုင်ငံ၏ ရွှေဝယ်လိုအားလည်း နှေးကွေးလာသည်။ ထို့ကြောင့် တစ်နှစ်တာလုံးအတွက် ရွှေဝယ်လိုအားကို ယခင်နှစ်ကထက် ၁၃ ရာခိုင်နှုန်း မြင့်မားမည် ခန့်မှန်းထားပြီး တန်ချိန် ၈၇၀ ရှိနိုင်သည်ဟု ကမ္ဘာ့ရွှေကောင်စီ (WGC) က ခန့်မှန်းထားသည်။ ယခင်ခန့်မှန်းချက်မှာ တန်ချိန် ၁၀၀၀ ဖြစ်သည်။ ၂၀၁၁ ခုနှစ်အတွင်းက တရုတ်နိုင်ငံ၏ ရွှေဝယ်လိုအားသည် ယခင်နှစ်ကထက် ၂၀ ရာခိုင်နှုန်းမြင့်မားကာ တန်ချိန် စုစုပေါင်း ၇၆၉.၈ တန် ရှိခဲ့သည်ဟု WGC ၏ စာရင်းများအရ သိရသည်။

Source: dawn.com, bloomberg.com

pa pa