ရင်းနှီးမြုပ်နှံမှု နယ်ပယ်တွင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် အတွက် စီးပွားရေး အဆက်အသွယ်များ ချိတ်ဆက်ပေးမည့် ပထမအကြိမ် နိုင်ငံတကာ မွေးမြူရေးနှင့် ရေလုပ်ငန်းပြပွဲ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် တက်ရောက်

Mon, 12/10/2012 - 06:28 -- Anonymous (not verified)

ရန်ကုန်-ဒီဇင်ဘာ ၇       

 မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်နှင့် ILDEXCo.,Ltdတို့ပူးပေါင်းစီစဉ်မှုဖြင့် ပထမအကြိမ် နိုင်ငံတကာ  မွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာပြပွဲနှင့် ဟောပြောပွဲဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် (၉)နာရီက ရန်ကုန်မြို့ အင်းစိန်မြို့နယ် ဘုရင့်နောင်လမ်းမကြီးနှင့် ဆေးဝါးစက်ရုံလမ်းထောင့်ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အဆောက်အအုံတွင် ကျင်းပ ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ယခုအစိုးရလက်ထက် တွင် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း၊ ကုန်စည်ပြပွဲများ ခင်းကျင်းပြသခြင်းသည် ကုန်သွယ်မှုတိုးတက်စေရန်နှင့် ဈေးကွက်နှင့်ကုန်စည်များကို ရှာဖွေဖော်ထုတ်ပေးနိုင်သည့် အခွင့်အလမ်း တစ်ရပ်ဖြစ်ကြောင်း၊ ယခု ကုန်စည်ပြပွဲသည် အနာဂတ် ပူးပေါင်းဆောင်ရွက်ရေးအတွက် အပြန်အလှန် အကျိုးဖြစ်ထွန်းမည့် နည်းလမ်းများ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကုန်သွယ်မှု ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ အရည်အသွေးမြင့်မားသော ကုန်စည်များဖြစ်သည့် အသားနှင့် နို့ထွက်ပစ္စည်းများ ပိုမိုစားသုံးလာသောကြောင့် မွေးမြူရေးနှင့် ရေလုပ်ငန်းထွက်ကုန်များ၏ ဝယ်လိုအားမှာ တစ်နေ့တခြား တိုးပွားနေပြီဖြစ်ကြောင်း၊ ယနေ့ ပြသသည့် ပြကပွဲသည် မွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာ ခေတ်မီနည်းပညာ၊ ဆေးဝါးအသုံးအဆောင်များသည် မွေးမြူရေးနှင့် ရေလုပ်ငန်းပစ္စည်းများ၏ တန်ဘိုးမြင့်ထုတ်ကုန်များ တိုးချဲ့ ထုတ်လုပ်နိုင်မှုကိုများစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ထို့အတူနိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အထူးစီးပွားရေးဇုန် ဥပဒေတို့ကို   ပြဌာန်းထားပြီးဖြစ် သောကြောင့်   နှစ်နိုင်ငံကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုဆောင်ရွက်နိုင်တော့မှာဖြစ်ကြောင်း၊ ယခုကုန်စည်ပြပွဲမှတစ်ဆင့် ကုန်သွယ်မှုနယ်ပယ်တွင်သာမက ရင်းနှီးမြှုပ်နှံမှုနယ်ပယ်တွင် လည်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် စီးပွားရေးအဆက်အသွယ်များ ချိတ်ဆက်ပေးသွားမှာဖြစ်ကြောင်း  ပြောကြားသွားပါသည်။