ဝန်ဆောင်မှုကုန်သွယ်ရေးနှင့်စပ်လျဉ်း၍ ဆက်စပ်ဌာနများမှ အရာထမ်းများအတွက် ဘာသာရပ်ဆိုင်ရာ အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တက်ရောက်

Mon, 02/05/2024 - 03:50 -- mocadmin

နေပြည်တော်၊ ဖေဖော်ဝါရီ ၂       ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့နံနက်ပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ-၂ ၌ ကျင်းပပြုလုပ်ခဲ့သည့် ဝန်ဆောင်မှုကုန်သွယ်ရေးနှင့်စပ်လျဉ်း၍ ဆက်စပ်ဌာနများမှ အရာထမ်းများအတွက် ဘာသာရပ်ဆိုင်ရာ အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့သည်။

   ဒုတိယဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ဝန်ဆောင်မှုကုန်သွယ်ရေးနှင့်ပတ်သက်ပြီး အာဆီယံနှင့် အာဆီယံ၏ ဆွေးနွေးဘက်နိုင်ငံများနှင့် လွတ်လပ်သောကုန်သွယ်မှုဒေသ ထူထောင်ရေးသဘောတူညီချက်များတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆွေးနွေးလျက်ရှိကြောင်း၊ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း၊ ထို့ကြောင့် နိုင်ငံကိုယ်စားပြု စေ့စပ်ညှိနှိုင်းဆွေးနွေးမှုများ တွင် ဝန်ကြီးဌာနတစ်ခုတည်းအနေဖြင့် ဆောင်ရွက်၍မရကြောင်း၊ ဝန်ဆောင်မှုကဏ္ဍတစ်ခုချင်းအလိုက် ယနေ့တက်ရောက်လာသော ဌာနဆိုင်ရာများအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ရာ ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသော ဌာနများအနေဖြင့် ဘာသာရပ်ကို သိရှိနားလည်ထားရန်လိုအပ်ကြောင်း၊ အာဆီယံ၏ statistical highlights - ၂၀၂၃ တွင် မြန်မာနိုင်ငံ GDP ၏ ၃၉.၅ ရာခိုင်နှုန်းမှာ ဝန်ဆောင်မှုကဏ္ဍဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့် ဝန်ဆောင်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မည့် အလားအလာများ လည်းရှိကြောင်း၊ တက်ရောက်လာသော ဌာနများအနေဖြင့် သက်ဆိုင်ရာဝန်ဆောင်မှုကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုအများအပြားဖိတ်ခေါ်နိုင်ရေး၊ မိမိတို့၏ ဝန်ကြီးဌာနများကချမှတ်ထားသော ဥပဒေ၊  စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို ခေတ်စနစ်နှင့်အညီ လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ဒေသတွင်းနိုင်ငံများ၏ အောင်မြင်မှုဥပမာများကိုလေ့လာ၍ မိမိနိုင်ငံနှင့် ဝန်ကြီးဌာနအတွက် အကြံပြုချက်များပံ့ပိုးပေးနိုင်ရေးနှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တွင် အထောက်အကူဖြစ်စေရေးအတွက် လက်တွေ့အသုံးချကြသွားရန် တိုက်တွန်းပြောကြားခဲ့သည်။

   အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဖိတ်ကြားထားသည့် ဌာနများမှ  အရာထမ်းကိုယ်စားလှယ် ၁၁၀ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages