ဆန်စပါးကြိတ်ခွဲထုတ်လုပ်ရေးနည်းပညာဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းဖွင့်လှစ်

Tue, 06/20/2023 - 03:14 -- mocadmin

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စက် လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဆန်စပါး ကြိတ်ခွဲထုတ်လုပ်ရေးနည်းပညာဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာရှိ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (CTQM)၊  သင်တန်းခန်းမ၌ ကျင်းပခဲ့ပါခဲ့သည်။

   အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင် များအသင်းတို့မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ခဲ့သည်။

   ဖွင့်ပွဲအခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်က မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ ဖော်ထုတ်ချက်အရ ယနေ့သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ယင်းသင်တန်းကို ဆန်စပါးစိုက်ပျိုးထုတ်လုပ်၊ ကြိတ်ခွဲ၊ သိုလှောင်၊ တင်ပို့ရောင်းချခြင်း တန်ဖိုးကွင်းဆက်လုပ်ငန်းစဉ်တစ်လျှောက်တွင် ပါဝင်ဆောင်ရွက်မည့်သူများ အထူးသဖြင့် ဆန်စက် အင်ဂျင်နီယာများ၊ ဆန်စက်ကိုင်တွယ်မောင်းနှင်သူများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေး၊ ဆန်စက်အခြေခံနည်းပညာ များနှင့် ခေတ်မီဆန်စက်နည်းပညာများအား လက်ဆင့်ကမ်းမျှဝေနိုင်‌စေရေး၊ ရိတ်သိမ်းချိန်လွန်ကဏ္ဍမှာ ဆန်အရည်အသွေးနှင့် ပတ်သက်ပြီး ကြုံတွေ့နေရသည့်ပြဿနာများကို ထိရောက်စွာကိုင်တွယ်ဖြေရှင်းနိုင်စေရေးတို့အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း၊ သင်တန်းတွင် ဆန်စပါးမျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်ခြင်းနည်းပညာများ၊ ဆန်စပါးရိတ်သိမ်းချိန်လွန် နည်းပညာများ၊ ဆန်အရောင်တင်ခြင်း နှင့် အရောင်ရွေးခြင်းနည်းပညာများ၊ ပေါင်းဆန်ထုတ်လုပ်ခြင်းနည်းပညာများ၊ ဖွဲနုဆီထုတ်လုပ် ခြင်းနည်းပညာများ၊ ခေတ်မီဆန်စက်များ ကိုင်တွယ်မောင်းနှင်ခြင်း၊ ထုတ်လုပ်မှုအလေ့အကျင့် ကောင်းများနှင့် မြန်မာ့ဆန်စပါးတို့၏ စံချိန်စံညွှန်းအရည်အသွေးသတ်မှတ်ချက်များ စသည်တို့နှင့် သက်ဆိုင်သည့် ဘာသာရပ်များကို ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု ဌာနစုတွင် စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် စက်မှုဝန်ကြီး ဌာန၊ အမှတ် (၁)၊ စက်မှုသင်တန်းကျောင်း (ဆင်တဲ) တွင်လည်း လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ လျှပ်စစ်မော်တာမောင်းနှင်ခြင်း၊ ပြစ်ချက်ရှာဖွေခြင်း၊ လျှပ်စစ်တိုင်းတာရေးကိရိယာများ၊ မီတာများကိုင်တွယ်အသုံးပြုခြင်း၊ စက်ရုံအလုပ်ရုံသုံးဘွိုင်လာနည်းပညာများနှင့် အခြေခံဂဟေ ဆက်နည်းပညာ အစရှိသည့် ဘာသာရပ်များကိုလည်း သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။

   အဆိုပါသင်တန်းကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု၊ လှည်းကူးတွင် ရက်သတ္တပတ် (၂) ပတ်၊ ရွှေဝါရောင်ဆန်စက်၊ ညောင်တုန်းမြို့နယ်တွင် လေ့လာရေးခရီး (၁) ပတ်၊ အမှတ်(၁)၊ စက်မှုသင်တန်းကျောင်း(ဆင်တဲ)တွင် ရက်သတ္တပတ် (၃) ပတ်၊ စုစုပေါင်း (၆)ပတ်ကြာ ပို့ချသွားမည်ဖြစ်ပြီး စုစုပေါင်းသင်တန်းသားသင်တန်းသူ (၄၂) ဦး တက်ရောက်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

နောက်ဆုံးရသတင်းများ

Pages